အပိုင်း(၃)

1 0 0
                                    

ဆောင်းရာသီရဲ့အအေးဓါတ်လေးတွေက တစ်စတစ်စ ချဥ်းနင်းဝင်ရောက်လာပြီး စိုစွတ်မှုတွေနေရာမှာ အေးမြခြင်းတွေက အစားထိုးဝင်ရောက်လာသည်။
" သားရေ ...ဖေကြီးရေ မနက်စာရနေပြီနော်"
မနက်စာအတွက် မီးဖိုချောင်ထဲ ဝင်ချက်ရင်းလှမ်းပြောလိုက်တဲ့ မိခင်ဖြစ်သူ ဒေါ်ခင်လေးရဲ့အသံကြောင့် အဖေရော သားပါ အိမ်ပေါ်မှဆင်းလာကြသည်။
" ဟား...မွှေးနေတာပဲဟေ့"
စားပွဲပေါ်တွင် ခင်းကျင်းထားသည့် စားစရာတွေရဲ့အနံ့ကြောင့် ဗိုက်ကပို၍ပင် ဆာလောင်လာရသည်။
" မေမေ သားကို များများထည့်ပေးရမယ်နော် သားက မေမေ့လက်ရာ မုန့်ဟင်းခါးကိုသိပ်ကြိုက်တာ"
မိခင်ရဲ့ခါးကိုလှမ်းဖက်ရင်း ရင်ခွင်ထဲတိုးဝှေ့ပြောလိုက်သည့် ရှန်ထူးခေတ်ရဲ့စကားကြောင့် ဦးမြတ်ခေတ် မှာ နှာတံပေါ်ဝေ့ဝဲကျနေသော မျက်မှန်ကိုပင့်တင်ရင်း....

"ဟေ့ ငါ့မိန်းမကို အဲ့လောက်ထိကပ်ချွဲပြီးပြောဖို့မလိုပါဘူး"
"ဖေကြီးကလည်းနော်...ကလေးနဲ့အပြိုင်"

ကောင်းမွန်တဲ့နေ့လေးမှာ ရယ်မောရင်း တစ်နေ့တာကိုဖြတ်သန်းရသည်က အတော်လေးကို ပျော်ရွှင်ဖို့ကောင်းလွန်းသည်။
"ရော့ ဒါက မေကြီးရဲ့သားလေးအတွက် "
သားဖြစ်သူ၏ ပန်းကန်ကိုကြည့်လိုက် ၊ ကိုယ့်ရဲ့ပန်းကန်ကိုကြည့်လိုက်ဖြင့်အလုပ်ရှုပ်နေတဲ့ ခင်ပွန်းကြောင့် ဒေါ်ခင်လေးတစ်ယောက် မနေနိုင်စွာဖြင့်မေးရတော့သည်။
"ဖေကြီး  ဘာဖြစ်နေတာလဲ မစားပဲနဲ့"

"ကိုယ့်မိန်းမက သိပ်မျက်နှာလိုက်တာပဲ သားကျတော့ အိုးဘဲဥနှစ်လုံးတောင် ကိုယ့်ကျတော့ တစ်လုံးတည်း မတရားဘူးနော်"

"အမလေးတော်!!! ဖေကြီးရယ် ....."
ခင်ပွန်းရဲ့စကားကြောင့် ဒေါ်ခင်လေး ဗိုက်ကိုဖိနှိပ်ရင်းရယ်မောမိသည်။
"ဒါကတော့ ဖေဖေရယ် မေမေက သားကိုပိုချစ်လို့ပေါ့ ဒါလေးတောင်မသိဘူးလား...ဟုတ်တယ်နော် မေမေ"
ရှန်ထူးခေတ်ရဲ့စကားကြောင့် ဦးမြတ်ခေတ်ရဲ့ခေါင်းပေါ် ကျီးကန်းတစ်သိုက်ပျံဝဲသွားရသလို နှာခေါင်းထဲလည်း ချဥ်စူးသွားရသည်။
"ဟမ့်!! ငါမွေးလို့ကြီးလာတာပါ မယုံရင်မေးကြည့် ခင်လေးက ငါ့ကိုအချစ်ဆုံး ....ဟုတ်တယ်မလား မိန်းမ"
အရွယ်ရောက်နေပြီဖြစ်တဲ့သားရှေ့မှာတင် ဇနီးဖြစ်သူကို လှမ်းဖက်လိုက်တာကြောင့် ရှန်ထူးခေတ်မှာ နင်သွားရသည်။
မိခင်ဖြစ်သူမှာတော့ အရယ်ပင်မရပ်တော့။

CírcleWhere stories live. Discover now