ဟန်ဘင်း ဟာ ဧည့်ခန်းထဲ ဟာအိုကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေရင်း သူ့ရှေ့မှာ စာထိုင်ရေးနေတဲ့ ယူဂျင်းကို ပြုံးပြုံးကြီး ထိုင်ကြည့်နေမိသည် ...
ယူဂျင်းကလဲ ဒါကို သိတယ် ထင်ပါရဲ့ ... စာရေးနေရာက ရပ်လိုက်ရင်း ဟန်ဘင်းကို ပြန်ကြည့်လာသည်
"ဦးဦး .."
"ဗျာ့"
"ပျင်းလို့လားဟင်? သား စာရေးနေတာကို ထိုင်ကြည့်နေတော့"
"မဟုတ်ပါဘူးကွာ .. ဒီတိုင်း သားက ချစ်ဖို့ကောင်းလို့လေ"
ယူဂျင်းက ရယ်ပြရင်းနဲ့ တစ်ခုခုကို ရှာနေသည့်အတိုင်း သူ့လွယ်အိတ်ကို မွှေနှောက်နေလေရဲ့ ...
ထို့နောက် 'ရှာတွေ့ပြီ' ဟု ရေရွတ်ရင်း ဟန်ဘင်း ဆီ လျှောက်လာလေသည် ..
"ရော့ .. သားကို ချစ်ဖို့ကောင်းတယ်ဆိုလို့ ဦးဦးကို မုန့်ကျွေးမယ်"
ဟုဆိုကာ လက်ဖဝါးထဲ ထည့်ပေးလာတဲ့ သကြားလုံးတစ်လုံး ... ဟန်ဘင်း သဘောကျစွာ ရယ်မိရင်း ..
"ကျေးဇူး ... ဦးဦး ကောင်းကောင်းစားပါ့မယ်"
ဘာလို့မှန်းမသိ ကျချင်လာတဲ့ မျက်ရည်တွေကို ယူဂျင်းကို မမြင်စေရန် အလို့ငှါ ဟန်ဘင်း ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မကျအောင် ထိန်းလိုက်သည် ..
သူ ကိုရီးယားကို စောစောပြန်လာခဲ့ရမှာ ... ဟင့်အင်း .. အစတည်းက ဟာအို့ကို သူသေချာ စောင့်ရှောက်နိုင်ခဲ့ရမှာ
ဒီလိုသာဆို အခုချိန် ယူဂျင်းလေးဆီက ဒယ်ဒီလို့ အခေါ်ခံနေရပြီဖြစ်ပြီး ဟာအိုနဲ့တူတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ထူထောင်နေနိုင်လောက်ပြီ ...
အဆုံးသတ်က သူကိုယ်တိုင်လဲ အသုံးမကျခဲ့တဲ့အပြင် သူ့အဖေအရင်း ကိုယ်တိုင်ကြောင့် ချစ်ရသူ နဲ့ သားလေးဟာ မသေရုံ တမယ် ဖြစ်ခဲ့ရတာ မဟုတ်ပါလား?
တွေးရင်းတွေးရင်း ဟာအိုနဲ့ ယူဂျင်း နားမှာ နေလို့ ဖြစ်ပါရဲ့လားတောင် ဟန်ဘင်း မသိတော့ .... ဟန်ဘင်းမှာ ဒီလို အခွင့်အရေးမျိုးရော ရှိဖို့တန်ရဲ့လား?
အတွေးတွေ လွန်နေစဉ် တံခါးဖွင့်သံကြားလိုက်တာမို့ ဟန်ဘင်းနဲ့ ယူဂျင်းရဲ့ အကြည့်များက ဝင်ပေါက်တံခါးဆီ ရွေ့သွားကြရင်း ဝင်လာသူ ဟာအိုနဲ့ ရစ်ခီကို မြင်လိုက်ချိန်မှာတော့ အလိုလို မတ်တပ်ထရပ်မိတော့သည် ...