🤚Chapter 55
ဟယ့်ရှန်းတုံ၏မျက်နှာက ၀က်ခေါင်းကဲ့သို့ယောင်ကိုင်းနေခဲ့၍ အင်္ဂါနေ့တွင် အတန်းထဲ ရောက်မလာခဲ့ပေ။
ညနေခင်းပိုင်းမှ အဖြစ်အပျက်ကို ကလပ်နှစ်ခုမှ လူများသာ တွေ့ခဲ့ခြင်းမဟုတ်ဘဲ ဘာဘီကျူးစာသောက်ဆိုင်တွင် ထိုအချိန်တုန်းက အခြားစားပွဲများတွင် ချင်းဟွာတက္ကသိုလ်၏ကျောင်းသားများလည်း ရှိနေသည်။ တစ်ဦးချင်းဖောက်သည်များကြားထဲတွင် တက္ကသိုလ်မှကျောင်းသားများ ရောပါနေခြင်းဖြစ်သည်။ ထိုစားသောက်ဆိုင်က ချင်းဟွာတက္ကသိုလ်၏ဖောက်သည်များကြား အကျွေးအမွေးပြုလုပ်ရာတွင် နာမည်ကြီးသည်။
( တက္ကသိုလ်နာမည်က အစပိုင်းတုန်းက ဟွာတ ဆိုပေမယ့် နောက်ပိုင်း E trans မှာ ချင်းဟွာနဲ့ ဟွာတကို တစ်လှည့်စီတွေရေးနေတော့ ရှုပ်ကုန်မှာစိုးလို့ နောက်ပိုင်းမှာ ချင်းဟွာလို့ပဲ ဆက်တိုက်ရေးလိုက်ပါတယ်💓)
ခဏလေးသာဖြစ်သော်လည်း လူများစွာက အဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ကြရသည်။ အင်္ဂါနေ့တွင်မူ ဖြစ်စဉ်က ရပ်၀န်းသေးသေးလေးထဲ၌ ပျံ့နှံ့နေပြီဖြစ်သည်။ သတင်းပျံ့သွားသည့် နေရာ မူလအစမှာ ကျိအန်းနဉ်၏အတန်းကဖြစ်သည်။
မနက်စောစောတွင် ကျိအန်းနဉ်ကို မုန့်ရှင်းယွီနှင့်ပိုင်လုတို့ကတိတ်တဆိတ် ဘေးကိုဆွဲခေါ်သွားကြပြီး သူမကိုတိုးတိုးလေး မေးလာကြသည်။
“နင် ကြားပြီးပြီလား... မနေ့ညနေခင်းတုန်းက ၀မ်ယွီက ဟယ့်ရှန်းတုံကို စွန်းယာရှန့်အတွက်နဲ့ ထိုးလိုက်တယ်တဲ့... ဘာဖြစ်တာလဲ... သူက စွန်းယာရှန့်နဲ့ ပတ်သက်နေတာလား...”
ကျိအန်းနဉ် ထိတ်လန့်သွားသည်။
ယမန်နေ့ညနေခင်းတွင် ၀မ်ယွီက သူမတို့အတန်းထဲက မိန်းကလေးမကောင်းကြောင်းကို ပြောနေသည့်ကောင်လေးတစ်ယောက်ကို ရိုက်နှက်ခဲ့သည်ဟုသာ ပြောခဲ့သည်။ ၀မ်ယွီက ဟယ့်ရှန်းတုံ၏နာမည်ကိုမပြောခဲ့သလို သူ့အကြောင်းကိုလည်း မပြောပြခဲ့ပေ။ စွန်းယာရှန့်အတွက်နှင့် သူကဟယ့်ရှန်းတုံနှင့် ရန်ဖြစ်လိမ့်မည်ဟု သူမ မထင်ပေ။ ထို့အပြင် သူက စွန်းယာရှန့်ကို အမြင်မကြည်ပေ။