Part 1

1.8K 182 19
                                    

ကောင်းကင်မှ နေမင်းကြီးက အစွမ်းကုန်တောက်ပနေ၏။နေမင်းရဲ့ရောင်ခြည်တွေက လောကကြီးတစ်ခုလုံးအပေါ်မှ အုပ်မိုးထားလိုက်တာများ မခံမရပ်‌နိုင်အောင်ပင် ပူပြင်းလှသည်။

ကောင်းဆုပန် နဖူးမှ စီးကျလာသည့် ချွေးစက်တို့ကို လက်ကိုင်ပဝါနှင့် အသာသုတ်လိုက်သည်။ဘေးမှ မေကြီးက နှီးယပ်တောင်ကို ထုတ်ပြီး တဖျပ်ဖျပ်ခတ်ပေး၏။မေကြီးကို စိတ်မပါ့တပါပြုံးပြပြီး မကြာခင်ထွက်ခွာတော့မည့်ကားကိုသာ ငေးကြည့်သည်။

ဒေါ်‌တင်သောင်း သားကိုကြည့်ပြီး ရင်ထဲသနားနေမိသည်။သားလေးက ပုလင်းဖင်ခန့်ရှိသည့်မျက်မှန်ကြီးတပ်ထားပြီး ခန္ဓာကိုယ်ကလည်း ပိန်ပါးနေသည်။အခုမှ ဆရာဝန်ပေါက်စလေးဖြစ်လာသည့် သားကလေးက သိပ်ကို အားနည်းနေသည့်အသွင်။ဆံပင်တိုတိုလေးကြောင့် မျက်နှာလေးက ရှင်းလင်းနေသော်ငြား မျက်တွင်းတွေက ကျနေသည်။သမီးနှစ်ယောက်မွေးဖွားပြီးသည့်အချိန် ဖေကြီးမှာ သားယောကျာ်းလေးလိုချင်လွန်းလှသည်။မြန်မာပြည်အနှံ့ဘုရားတွေဖူးကာ သားဆုပန်ပြီးမှ ထွန်းကားလာသည့် ကလေးဖြစ်တာကြောင့် ကောင်းဆုပန်ဟု အမည်ပေးခဲ့သည်။ရတနာလေးလို အဖိုးတန်သည့် ကလေး။

ငယ်စဉ်ထဲက စာလုပ်သည့်နေရာမှာသာ ထူးချွန်သည့်သားငယ်လေးကြောင့် အားမလိုအားမရ ဖြစ်ခဲ့ရသည်။ဆယ်တန်းတွင် ဂုဏ်ထူးခြောက်ဘာသာနှင့် ဆေးကျောင်းတက်ရမည်ဆိုတုန်းက ဂုဏ်ယူဝမ်းသာလွန်းလို့ မျက်ရည်လည်ခဲ့ရသေးသည်။ဖေကြီးမှာ ပျော်လွန်း၍ သုံးရက်တိုင်တိုင် အလှူကြီးပေးခဲ့သည်။ရွာမှ မြို့ပေါ်သို့ ဆေးတက္ကသိုလ်တက်ခဲ့သည်မှာ ၉နှစ်နီးပါး။ရွာကိုတစ်ခါမှ ပြန်မခေါ်ခဲ့။‌
သူတို့သာ သားလေးကို သွားတွေ့သည်။အခု ဆရာဝန်ဘွဲ့လေးရခါမှ ရွာကို ခဏ‌ပြန်ခြင်း။

"သားလေးရယ် မင်းမျက်နှာကလည်း ပိုပိုပြီး ‌ဖြူဖျော့လာပါ့လား မေကြီး ယပ်ခတ်ပေးမယ် ခဏလေးသည်းခံ"

"မေကြီး ကားကဘယ်တော့ထွက်မှာလဲ"

"ဪ သားလေးကောင်းဆုရယ် ခဏနေထွက်တော့မှာပါ"

"ဟင်းးး လူတွေကလည်း ပြည့်ကြပ်လို့ ခေါင်းတောင်မူးလာပြီ နေက ပူပါတယ်ဆို"

စိမ်းနုရောင်ရွှေကော်ဇောWhere stories live. Discover now