Part 3

659 82 8
                                    

နှလုံးသားမှ ပူလောင်ခြင်းတွေက အသိစိတ်တစ်ခုလုံးကို ဝါးမျိုထားပြီး အသက်တစ်ချက်ရှိုက်သွင်းလိုက်လျှင်တောင် အရှိုက်တည့်တည့်ထိခိုက်နာကျင်သွားစေသည်။ချစ်ရသူထံမှ အစိမ်းလိုက်ခြွေမွခြင်းခံလိုက်သည့် နှလုံးသားတစ်စုံက သွေးစိမ်းရှင်ရှင်ထွက်နေကာ တစ်စစီကြေမွသွားသည်။မမြင်ရသည့်လက်တွေက လည်မျိုကို ဖမ်းဆုပ်ထားပြီး အသံမထွက်နိုင်ဘဲ မွန်းကြပ်စေသည်။

မျက်နှာထံ လေတိုးဝှေ့လာသည်ကို ခံစားရသည်။ကောင်းဆု မျက်လုံးဖွင့်လိုက်၏။ဘေးမှ ဒါဇင်က ကားတံခါးမှန်ကို ဖွင့်လိုက်ခြင်းဖြစ်သည်။ကောင်းဆုမျက်လုံးတွေက သွေးကြောမျှင်တွေနှင့် နီရဲနေကာ နှုတ်ခမ်းတစ်စုံကလည်းတုန်ယင်နေသည်။ဒါဇင်က ကြိုးတိုတိုချည်ထားသည့်လွယ်အိတ်ကို တင်းတင်းကြပ်ကြပ် ပိုက်လိုက်ပြီး ကောင်းဆုဘေးတွင် ထိုင်သည်။

"ဟဲဟဲ တိုက်ဆိုင်လိုက်တာနော် ကျုပ် မန္တလေးမှာ ထွန်စက်သွားဝယ်မလို့လေ အဲတာနဲ့ ကားလက်မှတ်ဖြတ်လိုက်တာ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်လေးနဲ့ခုံချင်းကပ်ရပ်ဖြစ်နေတာ"

ဒါဇင်က ကောင်းဆုမယုံမှာ စိုးရိမ်သည့်အလား နောက်တစ်ကြိမ်ထပ်ပြောလာပြန်သည်။

"တကယ်တိုက်ဆိုင်တာပဲ တမင်တကာ တိုက်ဆိုင်တာပဲဗျာ"

ကောင်းဆု မျက်မှန်ကို အသာပင့်ကာ ဒါဇင့်ကို သေချာကြည့်လိုက်သည်။ဒါဇင်က ပန်းပွင့်တွေပါသည့်ဟာဝိုင်ယီရှပ်ကို ဝတ်ထားပြီး သူ့မူပိုင်ဖြစ်သည့်ဆွဲကြိုးကြီးကြီးကတော့ မပါမဖြစ်။ပုဆိုးကိုတိုတိုဝတ်ထားကာ ကတ္တီပါဖိနပ်စီးထား၏။‌မျက်လုံးတွေက ခင်မင်စရာကောင်းပြီး ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ရစေသည်မှာ Golden Retriever Puppyကြီးအတိုင်း။ကောင်းဆု ဘာမှမပြောဘဲ ကားနံရံကိုသာ ခေါင်းမှီလိုက်သည်။

ဒါဇင် ကောင်းဆုဝမ်းနည်းနေတာကို ခံစားမိသည်။အခု ကောင်းဆုသွားမည့် မင်္ဂလာဆောင်မှ သတို့သမီးက ကောင်းဆုရဲ့ချစ်ရသူဖြစ်လိမ့်မည်။တစ်ယောက်ထဲ ဝမ်းနည်းကြေကွဲခံစား‌နေမည်ကို စိတ်ပူမိတော့ သူ မလိုက်လာဘဲ မနေနိုင်ပါချေ။ကောင်းဆုလေးမှာ နာကျင်မှုတွေကို သယ်ဆောင်ထားပြီး အားအင်တွေကုန်ခမ်းနေသည်။ချစ်သူအကြောင်းပြောရုံလေးနှင့် ပြုံးသွားသည့်နှုတ်ခမ်းလေးတွေက အခုအခါမှာတောင် တည်တင်းနေရှာသည်။ဒါဇင့်ရင်ထဲလည်း နာကျင်ရသည်။ဖြစ်နိုင်လျှင် ကောင်းဆုကိုယ်စား သတို့သမီးကို သူသာ သွားခိုးယူပေးလိုက်ချင်သည်။ကောင်းဆုလေးသာပျော်မယ်ဆို သူအားလုံးဖြည့်ဆည်းပေးချင်သည်။

စိမ်းနုရောင်ရွှေကော်ဇောWhere stories live. Discover now