🤚Chapter 57
အချိန်ငါးမိနစ်က ခဏလေးနှင့် ကုန်သွားသည်။
ကျိအန်းနဉ်က အ၀တ်အစားလဲရန်အတွက် အ၀တ်လဲခန်းထဲ၀င်သွားသည်။ သူမ၀င်သွားသွားချင်း တုချင်က ဘေလ်ရှင်းရန် ခေါ်လိုက်သည်။
ရှုချန်းထွက်လာပြီး သူ့ကိုရှင်းပေးလိုက်သည်။ သူကရှုချန်းနှင့် စကားအနည်းငယ် ပြောလိုက်သေးသည်။
ရှုချန်း၏စိတ်က ဤဆံပင်ရှည်နှင့်လူကို မျက်နှာချင်းဆိုင်က ကြည့်နေသည့် ၀မ်ယွီဆီမှာသာ ကျန်ရှိနေသည်။ သို့သော် ဆိုင်၏ပိုင်ရှင်ဖြစ်သည့်အလျောက် သူကဖောက်သည်ကို လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် ပြုံးပြပြီး သူနှင့် ယဉ်ယဉ်ကျေးကျေးစကားပြောရန်သာ တတ်နိုင်တော့သည်။
သူတို့စကားပြောနေစဉ် ကျိအန်းနဉ်က အ၀တ်အစားလဲပြီး ထွက်လာသည်။ တုချင်က စကားပြောသည်ကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“အလုပ်ဆင်းပြီလား...”
သူ မေးလိုက်သည်။ကျိအန်းနဉ် ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဟုတ်တယ် ရှင်လည်းစောစောပြန်သင့်တယ်...နောက်ကျနေပြီ...”သူမ အဓိကပြောချင်သည်မှာ ဆိုင်ပိတ်တော့မည်ဖြစ်ပြီးတ ရှုချန်းလည်း အနားယူရန် လိုအပ်သေးသည်ဟူ၍ဖြစ်သည်။ သို့သော် သူမက ဆိုင်ကိုလာသည့်ဖောက်သည်ကို တိုက်ရိုက်ပြောမရသောကြောင့် လိမ္မာပါးနပ်စွာပြောလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း တုချင်က ပြုံးပြီးပြောလာသည်။
“ဒီအချိန်မှ ပိတ်ရက်က စတာလေ... ”သူက ညအချိန်တွင်သာ အားမာန်ပြည့်တက်ကြွသည့် ၀မ်ယွီလိုမျိုးလူတစ်ယောက်ဖြစ်ပုံပေါ်သည်။ ၀မ်ယွီက သူမကိုအပြင်ထွက်ကစားရန် ခေါ်ချင်သော်လည်း သူမတွင် အချိန်အမှန်တကယ် မရှိချေ။
“ကောင်းပါပြီ...ဒါဆို နှုတ်ဆက်ပါတယ်...ကောင်းမွန်တဲ့ ပိတ်ရက်လေး ဖြစ်ပါစေ...”
ကျိအန်းနဉ် သူ့ကို လက်ပြနှုတ်ဆက်လိုက်သည််။
တုချင်လည်း ပြောလိုက်သည်။
“ကောင်းမွန်တဲ့ ပိတ်ရက်လေးဖြစ်ပါစေ...”