အေးစက်နေတဲ့ ကြမ်းပြင်၊ အနွေးဓာတ်မရှိတဲ့ အခန်းငယ်၊ တချက်ချက် မြည်နေတဲ့ နံရံပေါ်က စက္ကန့်လက်တံ၊
အရာအားလုံးဟာ အေးစက်နေခဲ့တယ်။ပစ္စည်းတွေအားလုံး နေရာတကျ၊အစီစဉ်တကျ မရှိတဲ့မီးခိုးရောင်အခန်းလေးမှာ ပြတင်းပေါက်က ဖြာကျလာတဲ့ အလင်းရောင်မှိန်မှိန်ကလွဲရင် တစ်ခြားအလင်းရောင်ဆိုတာ ဗလာနတ္ထိ။
အထီးကျန်ဆန်တဲ့ အခန်းငယ်မှာ နွေးထွေးမှု ဆိုလို့ အခန်းရဲ့ မှောင်ရိပ်ကျတဲ့ထောင့်တစ်နေရာက အသက်ရှူသံခပ်တိုးတိိုးအပြင် မရှိခဲ့။
ဒီမီးခိုးရောင်အခန်းလေးက အရင်ကကော... အခုလိုပဲ
အေးစက်နေတတ်တာလား။ဒါမှမဟုတ်... ရုတ်တရက်ပြောင်းလဲသွားတဲ့ အခန်းထောင့်က ပိုင်ရှင်ကြောင့်လား...။Leftover
ဘယ်နှစ်ခေါက်မှန်း မသိတဲ့ သက်ပြင်းကိုချလိုက်ပီးတဲ့နောက် ပထမဆုံးထွက်လာတဲ့ စကားသံ ခပ်အုပ်အုပ်။
"လွမ်းတယ်"
ဟုတ်တယ် အချိန်ရာသီစက်ဝန်း သုံးပတ်တိတိ လည်ပြီးခဲ့တာတောင် တစ်ယောက်သောသူရဲ့ အသက်ရှူသံ၊ အတူတူပြုလုပ်ခဲ့တဲ့
အမှတ်တရ အငွေ့အသက်တွေက အခုထိ စွဲကျန်နေတုန်းပါပဲလား...။"အသံလေးကိုလည်း လွမ်းတယ် မေးစေ့နားက မှဲ့လေးကိုကော အသားညိုညိုလေးကော အရာအားလုံးပဲ အတိအကျပြောရရင် ကိုယ်မင်းကို လွမ်းတယ်"
ပြတင်းပေါက်ကို အတော်အကြာ ငေးကြည့်နေရာက အရမ်းလွမ်းလာတာမလို့ မျက်လုံးကို စုံမှိတ်လိုက်ပြီး သူ့ရဲ့ မျက်နှာလေးကို ပုံဖော်ကြည့်မိတယ်။ မျက်ဝန်းလေး၊ နှာတံခပ်လုံးလုံးလေးနဲ့ အပြုံးလေးတွေ၊ လက်ချောင်း သွယ်သွယ်လေးတွေ။ အော် ကိုယ်တို့တစ်ကယ်ကို ဝေးသွားခဲ့တာပဲ...။
မျက်ဝန်းထောင့်က သူ့အကြောင်းတွေးတိုင်း စီးကျလာတဲ့ အရာတွေ၊ တစ်ဆစ်ဆစ်ကိုက်လာတဲ့ ရင်ထဲက တစ်စုံတစ်ရာကိုလဲ အထူးအဆန်းဖြစ်မနေတော့ပါဖူး။ကျင့်သားရနေခဲ့ပြီပဲ။ ဒါပေမဲ့...
ကိုယ့်ဘေးနားက မင်းဆိုတဲ့ အငွေ့အသက်ကို ဒီထက်ပိုပြီး ဖမ်းဆုပ်လို့မရနိုင်တော့တာကို ကျင့်သားမရနိုင်သေးဘူး...။
တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ပဲ ဒီအခန်းလေးရဲ့ ထောင့်မှာ မင်းထားရက်ခဲ့တဲ့ ကိုယ်...ကိုယ့်အချစ်တွေ ပြီးတော့ ဒဏ်ရာတွေကို ဘယ်လောက်ပဲ ရှင်းပစ်ဖို့ ကြိုးစားပါစေ နှလုံးသားက လက်မခံနိုင်တာမလို့ ၊တင်းကြပ်လာတာမလို့၊ ကိုယ့်အတွက် မကောင်းတာ သိသိရက်နဲ့ကို မစွန့်ပစ်နိုင်တာမလို့။
"ရှည်လျားတဲ့ အနာဂါတ်တစ်ခုမှာ ကံမကုန်သေးလို့ ပြန်ဆုံကြရင် သေချာပေါက်ပြောပြချင်ပါတယ်။ မင်းက အမှိုက် ဆိုပြီး စွန့်ပစ်ခဲ့တဲ့ အရာတွေအားလုံးက ကိုယ့်အတွက်တော့ အချစ် ဖြစ်ခဲ့တယ်ဆိုတာကိုပေါ့"
Leftover
