အတန်းပြန်ခွဲမည်ဖြစ်သည့် လပတ်စာမေးပွဲက နီးကပ်လာပြီမို့ မငြိမ်မသက်ဖြစ်နေသော စိတ်ခံစားချက်တို့က အစိုးမရပေ။စာညံ့သည်ဟု အများမှတ်ချက်ပေးခံထားသူအဖို့ အတော်ဆုံးစာသင်ခန်းသို့ မမျှော်၀ံ့မိသော်ငြား အနည်းငယ်တော့လောဘတက်မိ၏။
" စာတော့ သေချာလုပ်ထားတာပဲ "
စည်သူရဲ့ ကျောင်းစာအုပ်တွေကို စူးစမ်းနေသည့်သျှမ်းက သေသပ်စွာတွက်ချက်ထားသော စည်သူရဲ့မှတ်စုစာအုပ်ကိုလှန်ရင်း မှတ်ချက်ပေးလာ၏။သည်ရက်ပိုင်းအတွင်း သျှမ်းက စည်သူမဖိတ်ခေါ်ပဲနှင့်တောင် သူ့ထံသို့ရောက်လာတတ်တာဖြစ်ပြီး စကားတွေဖောင်ဖွဲ့ပြောနေတတ်တာဖြစ်သည်။မုန့်စားကျောင်းဆင်းချိန်ဆိုလျှင်လည်း စည်သူနှင့်အတူမုန့်စျေးတန်းထဲတွင် အတူစားကာ တစ်ခါတစ်လေတွင် စည်သူနားမလည်သည့်တွက်စာတွေကိုတောင် ရှင်းပြတတ်သေးတာဖြစ်၏။နောက်ဆုတ်မည်ဟုကြံလိုက်တိုင်း ထိုပျော်ရွှင်မှုရပ်၀န်းက သူ့စိတ်တွေကို ပြန်လည်ဆွဲငင်နေတာမို့ စည်သူရဲ့တနေ့တာစိတ်အတက်အကျက သျှမ်းရဲ့ပြောဆိုဆက်ဆံပုံတွင်သာ အခြေတည်ထားတာဖြစ်သည်။
" မီးခြစ်ရှိလား "
သျှမ်းထက်ဘုံက သူ့ထံမှမီးခြစ်တောင်းလာတာမို့ စည်သူကခေါင်းခါကာတုံ့ပြန်လိုက်၏။ဘာအကြောင်းကြောင့် မီးခြစ်တောင်းလာသလဲဆိုတာမသိသော်လည်း သျှမ်းရဲ့ပုံစံကအလျှင်လိုနေပုံရပြီး စျေးဆိုင်ထဲမှ အများသုံးမီးခြစ်ကိုသွားယူကာ စားပွဲပေါ်တင်လာသည်။ထို့နောက် သူ့ပုဆိုးကြားထဲလိပ်ထားသည့် စီးကရက်တစ်လိပ်ကို သျှမ်းကထုတ်ယူကာမီးညှိလိုက်၏။စာရေးကိရိယာကလွဲရင် အခြားဘယ်အရာနှင့်မှ တွဲမမြင်ခဲ့ရသည့် သွယ်လျလျလက်ချောင်းတွေက ယခုတွင်တော့ စီးကရက်တစ်လိပ်နှင့်တွဲမြင်လိုက်ရတာမို့ စည်သူ၏ရင်ထဲ၌ အပူလှိုင်းတစ်ချို့က ညင်သာခြင်းမရှိစွာဖြင့် တိုး၀ေ့သွားတော့သည်။
" ဆေးလိပ်တွေဘယ်တုန်းက သောက်တတ်သွားတာလဲ "
အံ့သြစွာဖြင့်မေးလိုက်သော စကားအဆုံး၌ သျှမ်းထက်ဘုံက အနည်းငယ်ဖြေရခက်သွားသောပုံစံဖြင့် ခဏတာမျှမျက်နှာလွှဲသွား၏။