🤚Chapter 63
ကျိအန်းနဉ်၏စိတ်ထဲတွင် အတန်ကြာအောင် ရှုပ်ထွေးနေမိသည်။ စိတ်ခံစားချက် ရှုပ်ထွေးမှုအမျိုးမျိုးက သူမ၏ကိုယ်တွင်းတွင် အချင်းချင်းလွန်ဆွဲနေကြသည်။တချို့ကရက်စက်ပြီး ပြင်းထန်သလို သူမ၏ဆင်ခြင်တုံတရား ပျောက်ဆုံးပြီး မျက်ရည်ကျအောင် ပြုလုပ်နေကြသည်။
နောက်ဆုံးတွင် သူမ ထိုစိတ်ခံစားချက်အမျိုးမျိုးကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိအောင် ပြုလုပ်လိုက်သည်။
“တကယ်တော့..."
သူမ လက်သီးကျစ်ကျစ်ဆုပ်ပြီး တည်ငြိမ်နိုင်သလောက် တည်တည်ငြိမ်ငြိမ်နှင့် ပြောနိုင်ရန် ကြိုးစားလိုက်သည်။
“ငါ ဘားကိုသွားဖို့အကြံမပေးဘူး... ပြီးတော့ 'NL' မှာက ငါ အချိန်ခဏလေးပဲအလုပ်လုပ်ခဲ့တာ... အဲဒါကြောင့် ငါအများကြီးမကူညီနိုင်ဘူး...”
“အဆင်ပြေပါတယ် အဆင်ပြေပါတယ်...ငါ သူ့ကိုပြောလိုက်မယ်..."
မုန့်ရှင်းယွီက ဤကိစ္စကိုစိတ်အနှောင့်အယှက်မဖြစ်ဘဲပြောလိုက်သည်။
“ရှာတွေ့ပြီ ကြည့်ကြည့်လိုက်...”
ပိုင်လုက ကျိအန်းနဉ်၏အရှေ့ကို သူမ၏ဖုန်းအား ထိုးပေးလာသည်။
“မြင်လား...ဒါက စွန်းယာရှန့်ရဲ့ကောင်လေးပဲ...”
သူမ တီးတိုးပြောလာသည်။
“သူတို့အတူတူ အပြင်ကိုသွားဖို့ ဒါမှမဟုတ် စားဖို့ထွက်တဲ့ အခါတိုင်း သူက ဓာတ်ပုံရိုက်ပြီး အကောင့်ပေါ်မှာတင်တယ်လေ...”
Cambridgeမှ ဘွဲ့ရထားသူဟူ၍ ကောလဟာလထွက်နေသည့် အမျိုးသားကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံပေါ်သည်။ အသက်သုံးဆယ် မရှိသေးလောက်ပေ။ သူ၏အသွင်အပြင်က သာမန်ဆန်သော်လည်း ရည်မွန်သည့်ကိုယ်နှုတ်အမူအရာရှိပြီး ရင့်ကျက်သည့်ပုံစံကို ထုတ်ဖော်ထားသည်။
တစ်ခါတစ်ရံတွင် အမျိုးသားတစ်ယောက်၏ အရည်အချင်းက သူ၏ရုပ်ရည်ပေါ်၌ မမူတည်ပေ။ဗဟုသုတ၊ပင်ကိုစရိုက်၊ ချမ်းသာကြွယ်၀မှုများက အမြင်အားဖြင့် ရောင်ပြန်ဟပ်နေနိုင်သည်။ ထိုအချက်များအားလုံးကိုယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် သူကအတော်လေးကို အထင်ကြီးလောက်သည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက စွန်းယာရှန့်ကဲ့သို့ လှပသည့်မိန်းကလေးနှင့် အတော်လိုက်ဖက်သည်။