အပိုင်း (၂)

105 18 4
                                    

အပိုင်း (၂)

အရုဏ်ဦး။

မှုန်ပြပြမှိုင်းသွေ့သွေ့ မြူတွေဆိုင်းနေသည့် လောကကြီးထဲသို့ မလင်းတလင်း ခပ်ကျဲကျဲအလင်းရောင်သည် ဝင်ရောက်လာခဲ့သည်။ ရောင်နီသမ်းသည်ဟု မဆိုနိုင်သေးသော်လည်း ခရမ်းနှင့်လိမ္မော်နီရောင် ရောနေသော ကောင်းကင်ပြင်မှာ တဖြေးဖြေးချင်းတော့ ထင်ရှားလာခဲ့သည်။ မနက်ခင်းနေရောင်နှင့် ထိတွေ့သည့်အခါ မြစ်ရေပြင်ဟာ တဖန်နိုးထလာပြီး ရေငွေ့လေးတွေ တလူလူဖြင့်... သင်္ဘောကုန်းပတ် လျှောက်လမ်းမှာ နှင်းရည်လေးတွေ စိုစိစိဖြင့်... ဧရာဝတီမြစ်ကမ်းရှိ သဲသောင်ပြင်မှာလည်း အခုထက်ထိတော့ သိုသိပ်သိပ်ရှိနေဆဲပင်။

ဆိပ်ကမ်းဘေးရှိ စက်လှေကလေးတွေကို အိမ်လုပ်၍နေကြသူတွေကတော့ မြစ်ရေအေးအေးဖြင့် မျက်နှာသစ်နေကြပြီ။ သောင်ပြင်မှာ တဲထိုးနေသည့် မိသားစုတစ်ချို့၏ အိမ်ရှေ့မှာလည်း မီးခိုးဝေနေပြီဖြစ်သည်။ သူတို့အတွက်တော့ စောစောစီးစီးဆိုပေမဲ့ တနေ့တာလုပ်ငန်းခွင်စ,ရတော့မည့် ကူးတို့သမား၊ ကုန်ထမ်းသမားတို့ကျလည်း ဒီအချိန်က ပုံမှန်ပင်။

ညတုန်းက အဆင်းမို့ သိပ်မသိသာသော်လည်း မနက်ခင်းအတက်မှာတော့ သောင်ပြင်ဟာ အနည်းငယ်မတ်စောက်စောက်ဖြစ်ချင်သည်ကို သူသတိထားလိုက်မိသည်။ စိုင်းရဲဝင်းမောင်က သူ့အရှေ့မှအရင်သွားပြီး ခလုတ်ကန်သင်းပေါတယ်လို့ထင်ပါက အနောက်သို့ လက်လှမ်းပေးလာ၍ တော်ပါသေးသည်။ ဒီလိုနဲ့ပဲ ရှောရှောရှုရှု ကန်ပတ်လမ်းပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

"မနက်စာ,စားဖို့ကလည်း စောနေသေးတယ်ဆိုတော့ ကန်ပတ်လမ်းမှာ လမ်းလျှောက်ချင်သေးလား။ တစ်ညလုံး လေစိမ်းတိုက်ခံထားတာဆိုတော့ ချွေးနည်းနည်းထွက်သွားအောင်။"

"မင်း လေဆိပ်ပြန်သွားရမှာဆို... ငါ့ကိုဆေးခန်းပဲ ပို့ပေးခဲ့ပါ။"

"တကူးတက မြို့ထဲရောက်လာမှတော့ မင်းနဲ့မနက်စာ,စားပြီးမှ ပြန်မှာပေါ့‌ဟ။ ငါတို့အတူ မနက်စာ,မစားရတာ ဘယ်လောက်ကြာပြီလဲ။ အချိန်ရပါသေးတယ်... ဆေးခန်းကလည်း ကိုးနာရီမှဖွင့်မှာ မဟုတ်ဘူးလား။"

လွန်ကဲလွမ်း၍ တမ်းတသည် (ငယ်ချစ်)Where stories live. Discover now