အပိုင်း (၃)

108 16 14
                                    

အပိုင်း (၃)

မဟာမုနိ။

ရှုထောင့်တစ်ခုခြင်းဆီကနေ နှစ်အလိုက်ပြောင်းလဲလာသည့် မန္တလေးမြို့ရဲ့ အငွေ့အသက်ထဲမှာ မဟာမုနိဘုရားကြီးလည်း ထိပ်ဆုံးကနေ အပါအဝင်ဖြစ်သည်။ ယခင်ကထက် ပိုတိုးလာသည့် အပြင်ဘက်ဘုရားဝင်းထဲက နိဗ္ဗာန်ကုန်ဈေးတန်းတွေ၊ စနစ်တကျဖြစ်လာသည့် ဆိုင်ကယ်ရပ်နားရာနေရာ၊ အဝင်အထွက်ဂိတ်ပေါက်များအပြင် ဘုရားကြီးမြောက်ဘက်တွင် အသစ်ဖောက်လိုက်သည့် လမ်းကျယ်ကြီးသည် မနက်ပိုင်းနှင့် ညနေပိုင်း လေ့ကျင့်ခန်းလုပ်လိုသူများအတွက် တော်တော်လေးမှ အဆင်ချောသည်ဆိုရမည်။ စာတိုက်ကွေ့လို့ခေါ်သည့် (၈၄)လမ်းကွေ့မှ လမ်းလျှောက်သွားပြီး ဘုရားကြီးတိုက်ကို တစ်ပတ်,ပတ်ပြီး နောက်ဆုံးတော့ နေအိမ်ရှိရာ ကျွန်းလုံးဥသျှောင်ရပ်ကွက်ထဲ ပြန်ရောက်လာလျှင်ကို လူကတော်တော်လေးလန်းလို့ ချွေးစို့ချင်ချင်ဖြစ်လာပြီ။

ထို့နောက် ဘုရားကြီး၏ အပြင်ဈေးတန်းများနှင့် လမ်းတစ်ဖက် မြန်မာ့တိုင်းရင်းဆေးဆိုင်မှလာသော တိုင်းရင်းဆေးအနံ့များ ထုံမွှမ်းလာပြီဆိုလျှင် အိမ်ပြန်လက်ဆောင် လျက်ဆားလေးတစ်ထုပ်တော့ ဝင်,ဝယ်သွားတတ်စမြဲ။ ထို့အပြင် လမ်းတစ်လျှောက်မှာ စိန်ပန်းနီနီတွေ ပတ္တမြားစ,လို မြေပြင်ပေါ် ပျံ့ကျဲနေသည့် မြင်ကွင်းနှင့် စာတိုက်ကွေ့ ဗိမ္မာန်ထောင့်နားမှာ တရုတ်စံကားပန်းတွေ ကြူကြူလှိုင်အောင် ပွင့်နေသည့် အခိုက်အတန့်များဆို... မိုးလေးသာ တစ်ဖျောက်နှစ်ဖျောက်ရွာလိုက်... အို... ဘယ်ပြောကောင်းမလဲ။ တယ်လှတဲ့မန္တလေး။ အလွန်နန်းဆန်တဲ့မြို့။

လက်ဘက်ရည်ကိုသာ နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်တဲ့မြို့မို့ မိုးလင်းကနေ မိုးချုပ်အထိ လက်ဘက်ရည်ဆိုင်တွေ လူစည်ကားတဲ့မြို့။ မမေ့မပျောက် ရက်ရက်ရောရော အရုဏ်တက်ချိန်တိုင်း အိမ်ရှေ့မှာ ကိုယ်စီကိုယ်စီ ဆွမ်းချက်လောင်းကြတဲ့မြို့။ သမိုင်းကြောင်းများသည့် ဘုရားစေတီပုထိုးတွေ၊ ရှေးဟောင်းအဆောက်အဦးနှင့် လူနေအိမ်တွေ ကြည့်နေရတာကပဲ ကျေနပ်စရာကောင်းတဲ့မြို့။ ဆရာကြီးမြသန်းတင့်ကတော့ မန္တလေးမြို့ဟာ အကြိမ်ကြိမ်လဲကျလည်း အကြိမ်ကြိမ်ပြန်ထနိုင်သည့် မီးလျှံဟီးဟီးနှင့် ဖီးနစ်ငှက်လိုမြို့တော်ဟု ဆိုခဲ့ဖူးသည်။

လွန်ကဲလွမ်း၍ တမ်းတသည် (ငယ်ချစ်)Where stories live. Discover now