လေပြေညင်းကလေးများသည် ကျီစားရင်းအတော်ကြာတိတ်မိနေကြရာမှ ကျွန်တော့်ဘက်ကစတင်၍ ငြိမ်းကိုခေါ်လိုက်သည်။
''ငြိမ်း...''
ငြိမ်းက ကျွန်တော့်ဘက်လှည့်လာ၏။ပြီးမှ အပြုံးအေးအေးဖြင့် ပြုံးပြ၍ ကျွန်တော့်အားပြောလေ ဆိုသည့် အကြည့်ဖြင့်ကြည့်လာသည်။
''ငြိမ်းက ဒီကိုအမြဲလာသလား''
''အမြဲလိုလိုတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံတော့ ရောက်ရောက်လာတတ်တာပဲ''
''ငြိမ်းက ဒီနေရာကို ကြိုက်သလား''
ငြိမ်းကခေါင်းညိတ်ပြသည်။
''ဒီနေရာမှာထိုင်ရင်း ဟိုတောင်ပေါ်က စေတီပျက်ကြီးကို မြင်နေရတာ ငြိမ်းကြိုက်တယ်၊ ဒီအပင်ကနေ ပိတောက်ရွက်ခြောက်လေးတွေ ကြွေကျလာတာလဲ ငြိမ်းသဘောကျတယ်''
''ဒါဆို ငြိမ်းက သဘာဝအနုပညာတွေ ကို ကြိုက်တာလား''
ငြိမ်းက မျက်နှာလေးညိုးကျသွားပြီး လေသံခပ်အေးအေးဖြင့် ပြန်ဖြေသည်။
''ငြိမ်း...၊သဘာဝအတိုင်းဖြစ်တည်လာတဲ့ အရာတွေငြိမ်းကြိုက်ပေမဲ့ မဖြစ်ချင်ဘဲ သဘာဝကပေးလာတဲ့အရာတွေကို ငြိမ်းမကြိုက်ဘူး''
ငြိမ်းပြောတဲ့စကားတွေကို နားမလည်။ ကျွန်တော်သည် ငြိမ်းကို အံသြစွာကြည့်နေမိရာမှ သတိရ၍ မေးမိသည်။
''ငြိမ်း ပီယာနို တီးတတ်သလား''
ငြိမ်းက ခေါင်းခါသည်။
''ဟင့်အင်း''
''ကိုယ်တော့ တီးတတ်တယ်၊ တကယ်လို့များ ငြိမ်းဘက်က အဆင်ပြေတယ်ဆိုရင် ငြိမ်းနားထောင်မလား''
''နားထောင်မယ်လေ၊ ဘယ်မှာလဲ''
''လာ...လာ...ကိုယ့်အိမ် လိုက်ခဲ့၊ ကိုယ်တီးပြမယ်''
ငြိမ်းသည် သူ့စာအုပ်ကလေးကို ယူ၍ ကျွန်တော်နဲ့အတူ အိမ်ဆီသို့လိုက်လာခဲ့သည်။
ကျွန်တော်သည် ငြိမ်းကို ပီယာနိုဆီသို့ ခေါ်သွား၍ အစမ်းအဖြစ် တေးသွားတစ်ပုဒ် တီးပြသည်။ ထို့နောက် သီချင်းဂီတစာအုပ်ကို လှန်၍ စာသားကို ပြသည်။''အစဆိုရင် ငြိမ်း လိုက်ဆိုတတ်ဦးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်ဆိုပြမယ်၊ နားထောင်ကြည့်''
YOU ARE READING
အတိတ်ရဲ့အရိပ်
Fanfiction'' မီးလျှံတွေလို ပူပြင်းစွာဖြင့် မနေအပ်ပဲ ဟိုအဝေးသို့ ငြိမ်းချမ်းစွာပဲ ပျံသန်းစေ။'' မင်းမြိုင်