25 November, 2024
8 နာရီ 10 မိနစ်ကိုညွှန်ပြနေသည့် ကျောင်းခန်းရဲ့တိုင်ကပ်နာရီ...
ဂယူဘင်းအခန်းထဲကိုရောက်ရောက်ချင်းအကြည့်ပို့မိသည်က သူ၏စာရေးစားပွဲခုံသို့ပင်။
ထုံးစံအတိုင်း လှလှပပလေးလှီးထားသော သရက်သီးဗူးလေးနှင့် ပန်းရောင် postcard လေးတစ်ရွက်က ဂယူဘင်းရဲ့စားပွဲပေါ်မှာအဆင်သင့်ရောက်လို့နေသည်။
စာကိုဖွင့်ဖတ်ကြည့်မိတော့ အရင်ရက်တွေကအတိုင်း 'ကိုကိုဂယူဘင်းကို ချစ်မိတာ ဒီနေ့နဲ့ဆို 349 ရက်၊ အရင်ကလည်းချစ်တယ် အခုလည်းချစ်တယ် နောက်လည်းချစ်နေမယ် ♡︎' ဟူ၍။ ဂယူဘင်းသတိထားမိသလောက် postcard တိုင်းတွင် ရက်အရေအတွက်သာ ပြောင်းသွားသည် ကျန်တဲ့စာတွေကတော့ အကုန်အတူတူပင်။ အတူတူတွေဆို၍ ကူးချထားသလားဆိုတော့လည်းမဟုတ် နေ့တိုင်းမှင်အရောင်တစ်မျိုးစီ font style တစ်မျိုးစီနဲ့ရေးပေးနေတာဖြစ်သည်။
ဒီလိုစာတွေ စစရချင်း နှစ်ပတ်လောက်ကတော့ ဂယူဘင်းစိတ်ရှုပ်ရသည်မှာ ရူးမလိုပင်။ သို့သော် ယခုအခါဂယူဘင်းရူးမည်ဆိုပါက အကြောင်းပြချက်မှာ ထိုစာတွေဆက်မရတော့၍သာဖြစ်မည်။ ဘာလို့လဲဆို ထိုသရက်သီးဗူးလေးတွေနှင့် postcard လေးတွေပို့သည့်သူကို ဘယ်သူမှန်းမသိသေးဘဲနှင့်ပင် ဂယူဘင်းရဲ့နှလုံးသားထဲမှာနေရာပေးမိနေပြီလေ။ ထိုစာပို့သမားလေးကိုမည်သူမှန်းသိချင်၍ စာတွေစစရချင်းတစ်လလောက်တည်းက ဂယူဘင်းကျောင်းကိုအစောကြီးလာ၍စောင့်ဖမ်းခဲ့သည်။ သို့သော်သူကပဲ တုံးလွန်းသည်လား ထိုကလေးလေးကပဲလည်လွန်းသွက်လွန်းသည်လားမပြောတတ် ဘယ်လိုမှမမဖမ်းမိခဲ့။ ထို့ကြောင့် ထိုစာပို့သမားလေးအားဖမ်းဖို့အစီအစဉ်ကိုလက်လျှော့ခဲ့ပြီး နေ့တိုင်းလာပို့ပေးသည့်သရက်သီးကိုသာ အရသာရှိရှိစားကာ စာလေးတွေကိုလည်းသိမ်းထားဖြစ်တယ်လေ။
'နေနှင့်ဦးပေါ့ ရည်းစားတွေဖြစ်မှ ထိုကလေးလေးကိုနေ့တိုင်းအာဘွားတွေချည်းပေးပစ်ဦးမယ်။'
ဂယူဘင်းရဲ့ သေသေချာချာဆွဲထားတဲ့ပလန်ကြီးအကြောင်းသူ့ဟာသူတွေးပြီး ပြုံးမိပါသည်။ ထိုကလေးလေးသည် လူကိုအရမ်းပိုင်စိုးပိုင်နင်းဆန်ပါသည်။ ပထမဆုံးပို့သည့်စာတွင်တည်းက ဂယူဘင်းကိုခေါ်သည်က 'ကိုကိုဂယူဘင်း' ပါတဲ့။ ပြီးတော့ ဂယူဘင်းရဲ့ အကြိုက်တကာ့အကြိုက်ဆုံး ဘယ်လောက်စားစားမရိုးသွားမည့် သရက်သီးကိုလည်းသူကသိရုံပင်မက လှလှလေးလှီးကာပင်ထည့်ပေးပါသေးသည်။ ဟွန်း ဒီလူအကြောင်းကို ဘယ်လောက်တောင် စုံစမ်းထားတာလဲနော်? ဒီလိုနဲ့ ဂယူဘင်းလည်းအားကျမခံ ထိုစာပို့သမားလေးအား 'ကလေးလေး' ဟု နာမည်ပြောင်ပေးထားမိပါသည်။