___________________" ကလေးတွေ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား? "
ဆောင်းဟွန်းနှင့် ဆောနူ အပေါ်ထပ်မှဆင်းလာတော့ မနက်စာပြင်နေသည့် ဆောနူမေမေက မေးလာသည် ။
" ဟုတ်ကဲ့.."
စားပွဲခုံတွင်ဝင်ထိုင်ပြီး နွားနို့ခွက်ကို တန်းကောက်ကိုင်သည့် ဆောနူ၏ ပါးပြင်လေးက ခပ်ရဲရဲ ။
ဆောင်းဟွန်းကတော့ အိပ်ရေးဝခဲ့ဟန် ကြည်လင်နေသည့် မျက်နှာထက်တွင် အပြုံးရေးရေးရှိနေ၏ ။
" ဟုတ်ကဲ့...ကောင်းကောင်းအိပ်ပျော်ခဲ့ပါတယ် ..နွေးနွေးထွေးထွေးနဲ့ "
သူက နောက်တစ်ခွန်းကို ဆောနူဘက်သို့ လှည့်ကြည့်ပြီး ပြောလာ၏ ။ ဆောနူမှာ မကြားဟန်ပြု၍ မျက်လွှာချရင်း နွားနို့ကိုသာ တစ်ကျိုက်ငုံ့သောက်လိုက်သည်။
မနေ့ညက စေတနာဗရပွ ဖြစ်ခဲ့သည့် သူ့ကိုယ်သူသာ အပြစ်တင်ရတော့မည် ။
ရေချိုးသန့်စင်ပြီး၍ အိပ်ရန်နေရာယူသည့်အခါ ဆိုဖာပေါ်၌ ဆောင်းဟွန်း အိပ်ရအဆင်ပြေမပြေ ဆောနူသွားကြည့်ခဲ့၏ ။ အရပ်ရှည်ပြီး ဖွံ့ထွားသည့်အယ်လ်ဖာတစ်ယောက်၏ ခန္ဓာကိုယ်အတွက် ဆောနူ၏အခန်းထဲက ဆိုဖာမှာ ခြေထောက်ပင်ဆန့်မရအောင် ကျဉ်းကျပ်သေးကွေးနေလေသည် ။
ကိုယ့်အိမ်ကိုလာသည့် ဧည့်သည်ကို ဤသို့ပြုမူခြင်းက မသင့်တော်ဟု ခံစားရ၍ ဆောနူက သူ့အိပ်ရာပေါ်တွင် လာအိပ်ရန်သာ ခေါ်လိုက်တော့၏ ။
ဆောင်းဟွန်း သက်သောင့်သက်သာဖြစ်သည်မြင်မှ ဆောနူလည်း ကောင်းကောင်း ခေါင်းချ၍ အိပ်ပျော်နိုင်၏ ။
သို့ပေမဲ့ ပြဿနာသည်ကား ဆောနူ မနက်နိုးလာသည့်အခါ သူ၏ တစ်ကိုယ်လုံးမှာ နှစ်လိုဖွယ်ကောင်းလှသည့် သစ်ကတိုးနံ့တို့ လွှမ်းခြုံခံထားရခြင်းပင် ။ ဆောနူ ခန္ဓာကိုယ်သည် ပတ်ခ်ဆောင်းဟွန်း၏ နွေးထွေးလှသည့် ရင်ခွင်ကျယ်ထဲ လုံးလုံးလျားလျား ဝင်ရောက်နေပြီး ဆောင်းဟွန်းသည်လည်း သူ့ကို ပြန်လည်ဖက်တွယ်ပေးထားလျက် ။
ဘယ်အချိန်ကတည်းက သူတို့ ဤသို့အနေအထားဖြင့် အိပ်ပျော်နေကြသည်လဲ မသိနိုင်ချေ ။
![](https://img.wattpad.com/cover/373581779-288-k627338.jpg)