"မောင်"စာရင်းဇယားတွေကြား လုံးပန်းနေသည့်မောင့်ကိုဆော့ဂျင်ခေါ်လိုက်သည်။မနက်ကတည်းက ဒီအလုပ်ကိုအာရုံစိုက်နေခဲ့သည့်မောင်က အခုထိလည်းနားချိန်တောင်မယူသည့်အထိ ကြိုးစားနေလေရဲ့။
မောင်နဲ့သူနဲ့သာရှိတော့သည့် ထိုမိသားစုလေးအတွက် ပိုက်ဆံကအဲလောက်အရေးကြီးလို့လား။ထိုငွေတွေကိုသာ ကုန်းရုန်းရှာနေခဲ့သည့်မောင်သည်ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့လည်းမေ့လျော့နေတတ်၏။
ပြန်ပြောရင်လည်း 'အသက်သာနေကောင်းအောင်နေပါတဲ့ အသက်ကျန်းမာရင် မောင်လည်းကျန်းမာသည်'တဲ့လေ။တကယ်ကို ပြောရဆိုရခက်ပါပေတယ်။
"ငွေတွေက ဘာလို့ဒီလောက်တောင်ကွာနေရတာလဲ!"
သူ့ရှိနေသည်ကိုတောင်သတိမထားမိသေးတဲ့ မောင်ဆီကဒေါသ သံအနည်းငယ်ပါလာခဲ့သည်။မျက်ခုံးတန်းများကို တွန့်ချိုးထားတော့ မျက်ခုံးနက်နက်က အထင်အရှားရယ်။
"ဘာဖြစ်လို့လဲ မောင်"
မေးလိုက်တော့မှ မောင့်မျက်နှာက အမူအရာချက်ချင်းပြောင်းသွားသည်။အစက တစ်ယောက်တည်းခက်ထန်နေခဲ့သည့်မောင်သည် အခုတော့ ဘာမှမဖြစ်တော့သလိုပင်။
သူ့ကိုမြင်လိုက်လို့များ အမူအရာပြောင်းလိုက်သည့်သဘောများလား။
"မောင် ဘာဖြစ်တာလဲဟင် စက်ရုံမှာပြဿနာရှိနေလို့လား"
ပြောရင်းနဲ့ ဆော့ဂျင်မောင်နံဘေးနား ထိုင်လိုက်၏။ချည်ထည်လုပ်ငန်းကိုအဓိကထားလုပ်ကိုင်နေပြီး နိုင်ငံခြားထိတင်ပို့နေခဲ့သည်ကြောင့် မောင်မှာ စိတ်ရှုပ်စရာ၊စိတ်အနှောင့်အယှက်ဖြစ်စရာတွေကတော့ အနည်းနှင့်အများ ရှိနေခဲ့မှာပဲလေ။
"အာ မရှိပါဘူးအသက်ရ"
"မဖြစ်နိုင်တာ...မောင်တစ်ခုခုကြောင့်စိတ်ရှုပ်နေတာကိုဂျင်သိပါတယ် ဘာဖြစ်နေတာလဲဟင် ဂျင့်ကိုပြောပြပါလား"
စိုးရိမ်စိတ်နဲ့ မေးလိုက်ပေမယ့် မောင်က မေးခွန်းကိုမဖြေဘဲ ပြုံးသာပြုံးပြနေ၏။
"မောင်ဘာမှမဖြစ်တာမို့ စိုးရိမ်စရာမလိုဘူးနော်...အော် ဒါနဲ့အသက်...ဆေးတွေကုန်သွားပြီလား"