🤚Chapter 75
နှစ်သစ်ကူးချိန်ဖြစ်၍ စတူဒီယိုက ခဏပိတ်ထားသည်။ အလုပ်လုပ်ရန်မလိုတော့သဖြင့် အန်းနဉ်က ရှားရှားပါးပါး အနားယူလေသည်။
သူမက ဝမ်ယွီကို ရက်အနည်းငယ် မတွေ့ရလောက်ဟု တွေးလိုက်သည်။ အထူးသဖြင့် နှစ်သစ်ကူးနေ့တွင် ဖြစ်သည်။ သို့သော် နှစ်သစ်၏ပထမဆုံးရက်တွင် ဝမ်ယွီရောက်လာသည်မှာ မထင်မှတ်ထားသည့်အရာပင်။
“နှစ်သစ်ပထမဆုံးရက်မှာ ရှင့်မိဘတွေနဲ့ ရှိနေသင့်တာ မဟုတ်ဘူးလား…”
အန်းနဉ်က အံ့အားသင့်ကာ ပြောသည်။
ဝမ်ယွီက ထိုအကြောင်းကို ပြောချင်ပုံမရပေ။
“သူတို့က စိတ်ရှုပ်ဖို့ကောင်းလို့…”“ဘာဖြစ်လာတာလဲ…”
နှစ်သစ်ကူးနေ့တွင် ဝမ်ကောအန်းနှင့် ချန်းလျန်တို့ စကားအချေအတင်ဖြစ်ကြသည်။ ထို့နောက် စိတ်ပြေလက်ပျောက်ဖြစ်ရန် မနက်စောစောအချိန်အခါတွင် ကိုယ်စီကိုယ်စီ ထွက်သွားကြလေသည်။
တစ်ခါက အေးချမ်းခဲ့သည့် အိမ်ကလေးမှာ လက်ရှိ ဝမ်ယွီတစ်ယောက်တည်းသာ ကျန်နေတော့သည်။
“ဟမ် ဒီလိုခဏခဏဖြစ်နေကျလား…”
အန်းနဉ် အနည်းငယ် စိတ်ရှုပ်သွားသည်။
“ကိုယ့်အမေက သွေးဆုံးကိုင်နေတာလေ…”
ဝမ်ယွီက စိတ်ပူပန်သည့် အမူအရာနှင့် ပြောလိုက်သည်။
“သွေးဆုံးကိုင်တာ ကြောက်ဖို့ကောင်းလိုက်တာများ…”သူက ဆိုဖာပေါ် လှဲချလိုက်ပြီး အန်းနဉ်အိမ်၌ နေရန် ဆုံးဖြတ်လိုက်သည်။
“ကိုယ်ဂရုမစိုက်ဘူး… ဒီနေ့ ကိုယ့်အတွက် ချက်ပြုတ်ပေးဖို့ မင်းမှာတာဝန်ရှိတယ်နော်…”
စွန့်ပစ်ခံရသည့် ကလေးကြီးကဲ့သို့ ပြုမူနေသဖြင့် အန်းနဉ်က ရယ်ကာ သူ့ဆံပင်များကိုဖွလိုက်သည်။
“ကောင်းပါပြီ ကျွန်မရဲ့ဟင်းချက်ကျွမ်းကျင်မှုကို လျှော့မတွက်နဲ့…”
နှစ်သစ်ကူးနေ့တိုင်း ဝမ်ယွီတို့က ဝမ်မိသားစုအိမ်တွင် မိသားစုစားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ပေးထားသည်များကိုသာ စားသောက်လေ့ရှိသည်။ ရိုးရှင်းသည့်အိမ်ချက်ဟင်းဆိုသော်လည်း အမှန်တွင် အဆင့်အတန်းမြင့် စားသောက်ဆိုင်နှင့် ယှဉ်နိုင်ပေသည်။