228 4 0
                                    

~~~ အမှတ်တရ ~~~ { ၅ }
ဂျူး

အမှန်ကတော့ အားလုံး
ကျွန်မအမှားသာ ဖြစ်၏။
မောင်မရှိတော့မှန်း သိလျက်နဲ့
တာ၀န်တွေ အမှုကိစ္စတွေကို
ပစ်ပယ်လျှက်
မန္တလေးသို့ လာခဲ့ခြင်းသည်လည်း
ကျွန်မအမှား။

မောင်နှင့်အတူ စားနေကျ
ခေါက်ဆွဲဆိုင်သို့
တစ်ယောက်တည်း
သွားစားမိသည်ကလည်း
ကျွန်မ၏ အမှား ။

အမှားဆုံးကတော့
မောင့်ကို ဘယ်လိုမှ
မေ့မရ မုန်းမရခြင်းပင်တည်း။
~~~~~~

  အခန်း-၅
 
မထိတွေ့ရတာ ကြာပြီဖြစ်သော ဂစ်တာကြိုးကလေးများကို တစ်ချောင်းခြင်း တို့ထိကစားနေသော်လည်း သီချင်းတစ်ပုဒ်ဖြစ်အောင်တီးခတ်လိုစိတ် မရှိပါ။ ကျွန်မ၏ လက်သည်းများလည်း ရှည်နေ၏။ စားပွဲပေါ်မှ မောင့်ဓာတ်ပုံကို ကြည့်မိသောအခါလည်း လွမ်းဆွတ်သတိရစိတ်ဖြင့် ဖျတ်ခနဲ ခေါင်းခါယမ်း ပစ်လိုက်မိသည်။

“မောင် … မောင့်ကို တမ်းတတဲ့ အလွမ်းတွေနဲ့ ကျန်ရစ်နေမယ့် မိန်းမတစ်ယောက်ကို မောင် တစ်ခါတစ်လေမှ သတိမရဘူးလား မောင်ရယ်”

ကျွန်မ အပြုအမူများကို မောင်သာသိလျှင် အဓိပ္ပါယ် မရှိတာဟု ရှုတ်ချပေလိမ့်မည်။ မန္တလေးရောက်လျှင် ဘယ်ကိုမှ လျှောက်မလည်သော ကျွန်မကို အိမ်ရှင် အန်တီက အံ့သြနေသည်။ ကျွန်မသည် နေ့လယ်စာကို နန်းရှေ့စျေးနားက ဆီချက် ခေါက်ဆွဲဆိုင်မှာစား၍ ညစာကို ပေါင်မုန့်ထောပတ်သုတ်နှင့် ကော်ဖီဖြင့် ပြီးသွားသည်။

ရုပ်ရှင်ရုံသို့ သွားလိုသော်လည်း အသိမိတ်ဆွေ တစ်ဦးတစ်လေနှင့် သွားတွေ့မှာ စိုးရိမ်သည်။ တွေ့လျှင် နှုတ်ဆက်ရဦးမည်။ တစ်စုံတစ်ယောက်၏ “တစ်ယောက်တည်းလား” ဟူသော အမေးကို ကျွန်မ မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ပါ။

ကျွန်မကလည်း မန္တလေးမှာ အသိမိတ်ဆွေ များမှ များ။ဂစ်တာကို ကုတင်ပေါ် အသာအယာ ချထားလိုက်သည်။ စားပွဲတင် ပန်းစိုက်အိုးမှ နှင်းဆီနံ့သည် သင်းမွှေးလျက် ရှိ၏။ စိတ်ကူးမယဉ်တတ်သော မောင်သည် နှင်းဆီနံ့ကိုတော့ အလွန်ကြိုက်နှစ်သက်ပါသည်။ နောက်ပြီး အနည်းငယ် ရယ်ဖို့ကောင်းစွာ တခြားသူတွေနှင့် ပြောင်းပြန်။ မောင်သည် လုံး၀ ဂစ်တာမတီးတတ် ၊ သီချင်းတစ်ပုဒ်ကိုလည်း အစ အဆုံး မရတတ်။ ကျွန်မကသာ မောင့်ကို ဂစ်တာ တီးပြရမြဲဖြစ်သည်။ တစ်ခါတစ်ရံ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ကျွန်မ အဆောင်သို့ မပြန်တော့ဘဲ မောင့်အိမ်မှာပင် ညအိပ်သည့်အခါ မောင့်ကို ဂစ်တာတီးပြလေ့ရှိပါသည်။

အမှတ်တရWhere stories live. Discover now