ဆိုင်တံခါးကိုတွန်းဖွင့်လိုက်တာနဲ့ အထဲမှာ ဖွင့်ထားတဲ့ ခပ်အေးအေးသီချင်းတစ်ပုဒ်၊ အဲကွန်းလေ အေးစိမ့်စိမ့်နဲ့အတူ စားပွဲပေါ်မှာ တိမ်ညို တစ်ယောက် လက်ပ်တော့တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ မြင်ကွင်းက သဟဇာတ ဖြစ်လို့နေတယ်။
ကျွန်တော်တို့ နှစ်ယောက်က မြို့ထဲမှာ မနက်ဆို ကော်ဖီ၊ ညဆို ဘားဆိုပြီး ဆိုင်သေးသေးလေး ဖွင့်ထားကြတာ။ ဆိုင်က လူအဝင်များတယ် မဟုတ်ပေမယ့် သူ့ဟာနဲ့သူတော့ ရောင်းအားကောင်းတယ် ပြောရမယ်။
ဆိုင်ကို အလာများကြတာက လူငယ်တွေဖြစ်ပြီး အလာများကြရတဲ့အထဲမှာ ဆိုင်ကချစ်စရာလေးမို့၊ စားစရာတွေကောင်းလို့၊ အေးဆေးထိုင်လို့ ကောင်းလို့၊ ညပိုင်းဆို band ရှိလို့ စတဲ့ စတဲ့ အကြောင်းပြချက်တွေ အများကြီးပေါ့။
အဲဒါတွေထက် ပိုကြီးတဲ့ အကြောင်းပြချက်ကတော့ ဆိုင်ရှင်ကောင်လေးနှစ်ယောက်က ငယ်ငယ်ချောချောလေးတွေမို့လို့ ဆိုတာပါပဲ။ အထူးသဖြင့် တိမ်ညိုပေါ့။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်နဲ့ မျက်နှာထားတည်တဲ့ ကောင်လေးဆိုပြီး Social media မှာပါ နာမည်ကြီးပါတယ်။
တိမ်ညိုက ဗမာပဲဆိုပေမယ့် တိမ်ညို့အဖေဘက်က တရုတ်သွေးနှောတွေဖြစ်ပြီး အမေက ထိုင်းမြန်မာနယ်စပ်က မွန်လူမျိုးစုတွေထဲကမို့ တိမ်ညိုက အသားဖြူပြီး တော်တော်လေးကို ချောတဲ့အထဲမှာ ပါတယ်။
ကျွန်တော်ကတော့ သာမာန်ပါပဲ။ ခေတ်ရေစီးကြောင်းထဲက လူငယ်လည်း ဖြစ်တဲ့အပြင် ပြင်ပြင်ဆင်ဆင်နေတတ်ကြောင့်သာ အတော်လေး ကြည့်ကောင်းတယ်လို့ ထင်ရတာ။
တိမ်ညိုကကျတော့ ကျွန်တော့်လို ရှုပ်ရှုပ်ရှက်ရှက်စတိုင်လ်မျိုး မဟုတ်ဘူး။ လိုအပ်တဲ့အခါ လိုအပ်သလို ဝတ်ပေမယ့် ပုံမှန်တော့ ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီလောက်ပဲ ဝတ်တတ်တာ။ ပခုံးအပေါ်ထိကျနေတဲ့ ဆံပင်တွေကို တစ်ဝက်စည်းထားပြီး သူကြိုက်တဲ့ လက်ပတ်နာရီ၊ လက်ညိုးမှာ လက်စွပ်တစ်ကွင်းနဲ့ နားမှာ စိန်နားကပ် သေးသေးလေး တစ်ခုနဲ့တင် သူ့ပုံစံက ပြီးပြည့်စုံသွားပြီ။
တိမ်ညိုက အနေအေးပြီး မလိုအပ်ရင် စကားသိပ်မပြောတတ်တဲ့သူမျိုး။ သူစကားအများကြီး ပြောတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာ။ အဲဒီလို ဖြစ်အောင်လည်း ကျွန်တော်ပဲ လုပ်ထားတာလေ။
YOU ARE READING
အခါလွန် "ကြိုး"
Romanceမင်းက ငါ့ရဲ့ အစိတ်အပိုင်းတိုင်းမှာ ကြိုးမျှင်တွေလို ရစ်ပတ်ထားခဲ့တဲ့အကြောင်း သိလိုက်ရတဲ့အခိုက်အတန့်ဟာ မင်း ငါ့ဆီကထွက်သွားခဲ့တဲ့ အချိန်ပဲဖြစ်ခဲ့တယ်