Will you be the one who stays?
________________________________Tags - fluffy/ heartwarming.
.
.
.
.
.
.______________
မွေးဖွားလာသည့် အချိန်ကတည်းက မရေတွက်နိုင်သော လမ်းပေါင်းများစွာကို လျှောက်လှမ်းကာ မိမိရှေ့ဆက်မည့် ခရီးကို သွားကြရသော လူသားများဟာ သေလွန်ပြီးသည့်အခါ မည်သည့်နေရာသို့ ဆက်၍ သွားကြရသနည်း ။
ညအိပ်ရာဝင်ပုံပြင်တွေထဲ ကြားဖူးနေကျကတော့ လူသားတွေ သေဆုံးသွားသည့်အခါ ကောင်းကင်ပေါ်က မှိတ်တုတ်ကြယ်ကလေးတွေ ဖြစ်သွားကြသည်တဲ့ ။ ကြယ်ကလေးတွေအဖြစ်နှင့် ကောင်းကင်ပေါ်ကနေ ကိုယ်ချစ်ရသည့်လူတွေကို ဆက်လက် စောင့်ရှောက်ပေးရင်း လှမ်းကြည့်နေတတ်ကြသည်ဟု ရေးသားထားကြသည် ။
နောက်တစ်ခုအနေဖြင့် ဒဏ္ဍာရီအဆိုတွေအရ သေလွန်ပြီးသည့် ဝိဉာဉ်တွေက ဘဝကူးတံတားကိုဖြတ်ကာ နောက်ဘဝသို့ ကူးကြရသတဲ့ ။
နောက်ဘဝကိုကူးပြောင်းဖို့ Letheမြစ်က ရေကို သောက်သုံးပြီး နောက်ပြန်လှည့်မကြည့်တမ်း ဘဝသစ်သို့ ခရီးဆက်ကြရသည် ။ မေ့လျော့ခြင်းမြစ်ဟု အဓိပ္ပာယ်ရသည့် Letheမြစ်၏ ရေက လူသားတို့၏ အတိတ်ဘဝကို ဖြတ်သန်းခဲ့သည့် မှတ်ဉာဏ်တွေအားလုံးကို ခြွင်းချက်မရှိ မေ့လျော့သွားစေနိုင်သည်ဟု ဆိုကြ၏ ။
ငယ်စဉ်ဘဝအမှတ်တရတွေ ၊ ငိုကြွေးခဲ့ရတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ ချစ်ရသူတွေ ၊ ဘဝ၏ အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ရှိဖူးသမျှ မှတ်ဉာဏ်တို့ကို အားလုံး မေ့ပျောက်သွားအောင် စွမ်းနိုင်လေသည် ။
သူကရော.....
ဘဝကူးပြောင်းသည့်အခါ ထိုမေ့လျော့ခြင်းမြစ်ရေကိုပင် သောက်သုံးဖို့ လိုအပ်ပါ့မလားဟု သိချင်မိသည် ။
ဘာကြောင့်လဲဆိုတော့ .....
သူက အသက်ရှင်သန်နေလျက်သားနှင့်ပင်
သူချစ်ရသည့် လူ၏ နာမည်ကို မေ့လျော့သည်အထိ သူ၏မှတ်ဉာဏ်တို့က ယိုယွင်းချည့်နဲ့နေလေသည့်အတွက် ဖြစ်၏ ။
" ဧည့်သည် reservationယူထားတဲ့ နာမည်လေး တစ်ချက်လောက် ပြန်ပြောပေးနိုင်မလားရှင့် "