ကျေးငှက်တွန်ကျူးသံနှင့် ကြက်ရဲတို့၏ အားမာန်အပြည့် တွန်မြည်းသံက သဘာဝ၏ တိကျသောနှိုးစက်ပင်။
မကြာမီမှာပင် လှည်းဝင်ရိုးတို့မှ တအိအိမြည်သံ၊ နွားခလောက်မှ ဒိုးဒိုးဒေါင်ဒေါင်မြည်သံတို့ဟာ စည်းဝါးကိုက်စွာ ထွက်ပေါ်လာတော့သည်။
ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားသောအိမ်ပေမို့ ပြတင်းမှကြည့်သည်နှင့် အနီးအနားဝန်းကျင်ကို ခြုံ၍မြင်နေရသည်။ ကုန်းမြင့်ကိုကျော်ကာ တန်းတန်းဆက်၍ ယခုလှည်းလမ်းကြောင်းအတိုင်း ဆင်းသွားပါက မြစ်ဧရာနံဘေးရှိ ရွာငယ်လေးကိုတွေ့ရပေလိမ့်မည်။
လှည်းယဉ်လှလှနှင့် တငြိမ့်ငြိမ့်ယှက်ပြေးနေသော နွားညိုနွားပြာတို့မှာ လှည်းလမ်းကြောင်းကြီးကို ဖုန်အလိမ်းလိမ်းနှင့် ဖြစ်စေခဲ့ပြီ။
ဤတွင်ကျောင်းနေစဉ်က သဘောတကျသင်ခဲ့ဖတ်ခဲ့ရသော ကဗျာကလေးမှာ ပါးစပ်ဖျားသို့ ဝပ်တွားလာ၏။
“ညို့ကုန်းယံ ချောက်နံဘေးမှာလ၊ တို့ဘုန်းကံအလျောက်မွေးရော့ထင့်၊ တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင်၊ ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊ နှစ်ကိုယ်ချို့မှာကြောင့်၊ ချိုဘို့တူ နွားပြာတုတ်တွေနှင့်၊ ပျိုတို့လူယာမလုပ်တယ်၊ အားထုတ်မယ့်မောင်မှာနော်ကွယ်၊ ဝါးခုတ်တဲ့တောင်၊ ဟဲ့ဆိုကာ ကြိမ်တံမြှောက်ရုံနှင့်၊ လှည့်လိုရာတိမ်ယံရောက်နိုင်ငဲ့၊ အိမ်ခြံပေါက်နွားညီနောင်၊ စားအီအောင်ပ ညနေစောင်း၊ အားစီအောင်ပဝစေကြောင်း…..”
မရွတ်တာကြာသော ကဗျာမှာ မေ့မေ့လျော့လျော့ဖြစ်နေပြီမို့ ခေတ္တရပ်ထားမိလိုက်သည်။
“ ဆောင်ခွင့်ကိုရွယ်၊ မောင်နှင့်မယ်တူယှဉ်တွဲပါလို့၊ နောင်တင့်တယ်လူမြင်ရဲခါမှ ယူငင်ကာ ချူဆင်ဆွဲပါ့မယ်၊ ပွဲဝင်မယ့်ချောင်းသူရဲ့၊ လှည်းယဉ်နှင့်မောင်း”
မာထန်သည်လည်းမဟုတ်၊ နူးညံ့သည်လည်းမမည်သော သာယာချိုအေးသည့် အသံစီစီကလေးသည် အသံနေအသံထားနှင့် သူမေ့သွားသော ကဗျာပိုဒ်ကို ထောက်ပေးလာ၏။
အသံလာရာကိုကြည့်တော့ လူတစ်ယောက်။
ကောက်ရိုးခမောက်ကိုဆောင်းလို့ လက်မှာလည်း မြေကြီးတွေ ဖုန်မှုန့်တွေပေပွလျက်။ နံဘေးရှိတောင်းထဲတွင်တော့ မြက်ပင်ပေါင်းပင်များနှင့် အမှိုက်စအချို့ ရှိနေသည်။ စက်ရုံဝန်း၏ သန့်ရှင်းရေးတို့ကို တာဝန်ယူရသော အလုပ်သမားဖြစ်မည်ထင်သည်။