ပုရစ်တို့၏ တကျီကျီအော်မြည်သံက လယ်ကွင်းများကိုဖြတ်၍ လေထုအတွင်းရစ်ဝဲလို့လာသည်။ ပြည်ဘူတာသို့ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း သဘာဝမှအချက်ပေးလာသံပင်။
အချိန်ကိုကြည့်မိတော့ ည၉နာရီပင်ကျော်ပေပြီ။ နေ့လယ်၁နာရီကတည်းက ရန်ကုန်ဘူတာကြီးမှ ထွက်လာသောရထားသည် ည၁၀နာရီဝန်းကျင်မှ ပြည်မြို့သို့ရောက်လာ၏။ သဘာဝကိုခံစားချင်သည့် စိတ်တစ်ခုတည်းနှင့် မိခင်ဖြစ်သူကိုလွန်ဆန်ကာ ရထားဖြင့်လာရသည့် ခရီးသည် သိပ်တော့မလွယ်လှ။ အထူးတန်းလည်းမပါ အိပ်စင်လည်းမပါ လူတန်းစားပေါင်းစုံနှင့် ရောယှက်လိုက်ပါရမည့် ရထားခရီးပေမို့ တစ်ယောက်တည်းသွားရန်မသင့်ဟုဆိုကာ မေမေက အမြန်expressကားနှင့်သာ သွားစေချင်သည်။
မတတ်နိုင်။ ၁၈ကျော် ၁၉၊ ၂၀ ပတ်ချာလည်လူငယ်တို့၏ သဘာဝအတိုင်း ကိုယ်လုပ်ချင်ရာကို မျက်စိစုံမှိတ်လုပ်ပြီးတော့ ရှေ့ဆက်ခဲ့၏။ ရထားဟာ ဤမျှသက်တောင့်သက်သာမရှိပါလားဆိုသည်ကို ဤတစ်ကိုယ်တော် ခရီးစဉ်တွင်သိလိုက်ရသည်။ သို့ပေသိ မိခင်သဘာဝတရားကြီး၏ အလှတရားကိုတော့ အမိအရမှတ်တမ်းတင်နိုင်ခဲ့သည်မို့ ဤအရာသည်ပင် အမြတ်ဟု ဆိုရပေမည်။ ယောက်ျားလေးပေပဲမို့ ယခုလို ခရီးပန်းတာလောက်ကစာမဖွဲ့ပေ။ မေမေကသာ အဖြစ်သည်း အကဲပိုနေခြင်းပင်။
ပြည်ဘူတာသို့ ဆိုက်ရောက်သည်နှင့် ကျောပိုးအိတ်ကိုလွယ်၍ ကင်မရာတစ်လုံးပိုက်ကာ အသာအယာဆင်းခဲ့တော့သည်။
“လေးလေး သားဒီမှာ”
“ဟာ ဇင်ယော်… လာ..လာ အရပ်ကြီးလည်းရှည်လို့ပါလား။ ပိန်တော့ပိန်သွားတယ်ကွာ။ ငါ့အစ်မက ကလေးကို ထမင်းမှန်မှန်မကျွေးဘူး ထင်ပါရဲ့”
ဖော်ရွေသည့်လေးလေး၏ စကားတစ်ခွန်းနှင့်ပင် လေးနှစ်တာမဆုံခဲ့ရသည့် ကြားကာလစိမ်းသက်မှုကို သယ်ယူလာမည့် လေထုတို့မှာ ပျောက်ချင်းမလှပျောက်ကွယ်သွားတော့သည်။ သည်တူဝရီးဆက်ဆံရေးမှာ သူငယ်ချင်းဆက်ဆံရေးလိုပင် သက်တောင့်သက်သာရှိလှ၏။ မေမေ့၏ မောင်ဖြစ်သူ လေးလေးသည် သူ့အစ်မနှင့်ကွာခြားစွာပင် ဘွင်းဘွင်းရှင်းရှင်းရှိလှသည်။ မပွင့်လင်းသော၊ နှုတ်နည်းသော၊ အစိုးရိမ်လွန်သော စသည့်နာမဝိသေသနတို့က မေမေ့ပိုင်ဆိုင်မှုတို့ ဖြစ်ပါလျှင် လေးလေးမှာ သူမနှင့်ဆန့်ကျင်သော နာမဝိသနတို့ကို ပိုင်ဆိုင်ပေလိမ့်မည်။
