🤚Chapter 88
ယန်ယွမ်က မျက်ရည်များဖြင့် ပြောလာသည်။
“မင်းက မင်းရဲ့မွေးစားအဖေပေါ်မှာ သံယောဇဉ်ရှိတယ်ဆိုတာ အဖေသိပါတယ်ကွာ... ပြီးတော့ မင်းတို့ကြားက ဆက်ဆံရေးကိုလည်း မပျက်စီးစေချင်ခဲ့ပါဘူး... သူက မင်းအမေကို သတ်ရလောက်တဲ့ထိ ရက်စက်လိမ့်မယ်လို့သာ ငါမထင်ခဲ့တာ...”
“ဒီကိစ္စမှာ မင်းအမေနဲ့ငါ့အမှားဆိုပေမဲ့ လူသေတဲ့အထိဖြစ်ဖို့မလိုဘူးလေကွာ... ဝမ်ကောအန်း အဲ့ဒီလူက တအားရက်စက်တာပဲ...”
သူက သူ့အပိုင်းကို ယုံကြည်မှုရှိရှိ သရုပ်ဆောင်နေခဲ့သည်။
ဝမ်ယွီက သူ့ကို မျက်နှာသေနှင့် ကြည့်နေခဲ့သည်။ ဤအတုအယောင်ဆန်သည့် အပေါစားတွေ့ဆုံမှုကြီးက ရွံရှာဖွယ်ကောင်းသည်ဟု ခံစားရသော်လည်း သူဆက်လက်သည်းခံရပေဦးမည်။ ကံကောင်းသည်မှာ သူက ယန်ယွမ်နှင့် အလွန်အမင်း ရင်းနှီးရန်အထိ မလိုအပ်ပေ။
ယန်ယွမ်က သူ၏မွေးဖခင်ဖြစ်ကြောင်းကို အခွင့်ကောင်းယူကာ ဝမ်ကောအန်းက သူ့မိခင်ကို သတ်ခဲ့ကြောင်း မယုံယုံအောင် သွေးထိုးသည်။ ယန်ယွမ်မှာရှိသည့် အကြီးမားဆုံးကတ်က သွေးသားဆက်နွယ်မှုပင်ဖြစ်နေသည်။
ဒီနိုင်ငံက လူတချို့က သွေးသားဆက်နွယ်မှုနဲ့ပတ်သတ်ပြီး ဘာလို့များ စုံလုံးမှိတ်ပြီး ယုံနေကြတာပါလိမ့်...
ဝမ်ယွီက ၎င်းနှင့်ပတ်သတ်ပြီး အကောင်းမမြင်ခဲ့ပေ။
သူက ယန်ယွမ်အား ကောင်းကောင်းမဆက်ဆံခဲ့သော်လည်း ယန်ယွမ်၏အမြင်တွင် ဤတွေ့ဆုံမှုမှာ အခြေအနေတစ်ဆင့်တိုးသွားပြီဟု ထင်နေခဲ့သည်။
အနည်းဆုံး ဝမ်ယွီက သူ့စကားကို ထိုင်နားထောင်လိုစိတ်ရှိသည်။ သူ့သဘောထားများက သိသိသာသာ ပြေလျော့သွားသည်။
နောက်ဆုံးတွင် သူတို့က သွေးသားချင်း တူညီနေဆဲပင်ဖြစ်သည်။
သူတို့ပြောဆိုပြီး ထွက်သွားတော့မည့်အချိန်တွင် ဝမ်ယွီဘက်က ပြန်တုံ့ပြန်လာသည်။
” ကျုပ်အဖေက အမေ့ကို သတ်လိုက်တာမဖြစ်နိုင်ဘူး... အမေက သူ့ဘာသာသူ သတ်သေတာလည်း ဖြစ်နိုင်တာပဲ...”