မင်းမင်း တရေးနိုး နာရီထကြည့်တော့ နံနက် ငါးနာရီပဲ ရှိသေးတယ်။ နန်းမြတ်ကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေတယ်။ မင်းမင်း ရင်မောနေမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။
ပြန်မအိပ်ချင်တော့သလို ဘာမှလုပ်စရာလဲ မရှိဘူး။ အပေါ့အပါးသွား ကော်ဖီမစ် ဖျော်သောက်ကာ နန်းမြတ် မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်နေမိတယ်။ သုံးနှစ်အတွင်း ဆံပင်ရှည်လာတာကလွဲလို့ သိပ်မပြောင်းလဲဘူး။ မျက်နှာလေးက ကြည်လင် အေးမြနေတယ်။
သူမပြောပြခဲ့တဲ့ အတိတ်တွေက မင်းမင်းကို တွေဝေစေသလား ကိုယ့်ကိုယ်ကို မသိဘူး။ မင်းမင်း ငယ်ငယ်က တွေးထင်ထားတဲ့ မင်းမင်း လိုချင်တဲ့ မိန်းမပုံစံနဲ့ နန်းမြတ်ပုံစံက လုံးဝကွဲလွဲနေတာ တော့ ကျိန်းသေတယ်။ ဒါပေမယ့် မင်းမင်း နန်းမြတ်ကို ချစ်တယ်။ သူမ ဘဝကို သာယာ ပျော်ရွှင် ချမ်းမြေ့စေချင်တယ်။
"မောင် အိပ်မပျော်ဘူးလား? ဘာတွေတွေးနေတာလဲ?"
မင်းမင်း အတွေးလွန်နေချိန် နန်းမြတ်က အိပ်ရာထဲကနေ မေးလိုက်တာပါ။ နန်းမြတ် နိုးလာတာတောင် မင်းမင်း သတိမထားမိဘူး။ နန်းမြတ်မေးတာကိုလည်း ပြန်မဖြေဖြစ်ဘူး။ ဟုတ်တယ်လေ အိပ်မပျော်လို့ ထထိုင်နေတာပေါ့။ ဘာတွေတွေးနေတယ် သူမကို စိုးရိမ်နေမိတယ်ဆိုတာ သူမကို ပြောမထွက်ဘူး။
"မောင်!!! နန်းမြတ်ကို ချစ်ချင်လား?"
မနေ့ကပဲ မင်္ဂလာမဆောင်မချင်း ဘာညာမနေဖို့ စောင့်ထိန်းဖို့ သူမပြောတယ်။ ခု စောစောစီးစီး သူမကို ချစ်ချင်လား မေးပြန်ပြီ။ အဲ့ဒါတွေကြောင့်လဲ မင်းမင်း ရင်လေးတယ်နန်းမြတ်ရယ် ငါ့မှာ စိုးရိမ် ပူလောင်နေရတယ်လို့ ပြောလိုက်ချင်တယ်။ ဒါပေမယ့် ဘာမှ မပြောပဲ သောက်လက်စ ကော်ဖီကိုပဲ ကုန်အောင် သောက်လိုက်တယ်။
နန်းမြတ်က အိပ်ရာထဲက မထပဲ မင်းမင်းကို အကဲခတ်နေတယ်။ မင်းမင်း ကုန်သွားတဲ့ ကော်ဖီခွက်ကို ဘေးကစင်ပေါ်တင်လိုက်ရင်း မတ်တပ်ရပ်လိုက်တယ်။ ပြီးမှ နန်းမြတ်ရှိရာ ကုတင်ပေါ်တက်လှဲကာ နန်းမြတ်ကို ရင်ခွင်ထဲဆွဲပွေ့လိုက်တယ်။ နန်းမြတ်က မင်းမင်း လက်မောင်းကို ခေါင်းအုံးကာ ရင်ခွင်ထဲ ရောက်လာတယ်။ မင်းမင်း နန်းမြတ်နဖူးလေးကို နမ်းလိုက်တယ်။