ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
လေးထောင့်သဏ္ဍာန်ဖွဲ့စည်းထားသည့် ဧည့်ခံ စားပွဲဝိုင်းက ဇိမ်ခံဆိုဖာရှည်တို့ကအစ သစ်လွင်တောက်ပြောင်နေကာ၊ကြမ်းပြင်ဟာလည်း ကြွေရောင်လက်နေလျက်..။
ဒီအိမ်ကို ဆောနူအကြိမ်ရေမနည်းရောက်ဖူးပေမယ့် အခုတစ်ကြိမ်ကတော့ ရင်ထဲမှာအပေါ့ပါးဆုံးလို့ပဲပြောရမည်။ဒီကိုရောက်တိုင်း သွားနေကျနေရာဖြစ်တဲ့ ဒုတိယအထပ်မှစာကြည့်ခန်းဆီသို့ ဆောနူမသွားမိ။ဧည့်ခန်းမှာပဲ ဝင်ထိုင်လိုက်လျှင် ဆိုဖာကအိခနဲနစ်ဝင်သွား၏။ကားသော့ကို အမြဲလွယ်နေကျtote bagအမဲလေးထဲထည့်လိုက်ပြီး စက်ပိတ်ထားတဲ့ဖုန်းကိုပြန်ဖွင့်ဖို့လုပ်ပြီးမှ စိတ်မပါတော့ဘဲ အိတ်ထဲပြန်ထည့်ထားလိုက်တော့သည်။
မရည်ရွယ်ဘဲ မျက်စိရှေ့မှအလှပန်းအိုးကိုကြည့်မိတော့ အတိတ်နေ့ရက်တွေက လူကိုလှောင်ပြောင်နေသယောင်..။မြင်ကွင်းကဝေဝါးလာတော့ မျက်လုံးအိမ်မှာမျက်ရည်အိုင်တစ်ခုဖြစ်ထွန်းလာနေပြီမှန်းသိလိုက်၏။သို့သော်မျက်ရည်တွေက ပါးပြင်ထက်သို့ကျဆင်းလာခြင်းမရှိတော့..။မငိုမိအောင် ထိန်းချုပ်တားဆီးနေတာမဟုတ်ဘဲ မျက်ရည်စတွေက အလိုလိုအေးစက်ခမ်းခြောက်သွားတာဖြစ်မည်။
"ဟင်...ဆောနူရောက်နေတာလား၊အပေါ်တက်လာခဲ့တာမဟုတ်ဘူးကွာ..၊ဧည့်ခန်းမှာထိုင်ပြီးဘာလုပ်နေတာလဲ"
"ဆောနူ ကိုယ်မင်းကိုပြောနေတာ ကြားရဲ့လား"
စကားသံလာရာဆီသို့ လှည့်မကြည့်မိပေမယ့် ကိုကို့မျက်ခုံးတွေတွန့်ချိုးနေပြီမှန်း ဆောနူသိသည်။တွဲနေတာ သုံးနှစ်ထဲရောက်နေပြီမို့ ကိုကို့မျက်နှာအမူအယာ၊လေယူလေသိမ်းတွေက ဆောနူအတွက်တော့ အလွတ်ရနေတဲ့ကဗျာတစ်ပုဒ်လိုပဲ။
"ကျစ်!ဘာဖြစ်နေတာလဲကွာ.."
လှေကားအလယ်လောက်ကနေ ဆင်းလာပုံရ၏။ဆောနူ့ဘေးရောက်လာတော့ ကိုကိုကဆောနူ့မျက်နှာကို အလိုမကျသည့်မျက်ဝန်းတို့ဖြင့်ကြည့်ကာ အရိပ်အကဲဖမ်းနေသည်။ထိုအခါမှ ဆောနူ ကိုကို့မျက်ဝန်းတွေထဲကို စိုက်ကြည့်လိုက်၏၊၊မိနစ်ပိုင်းမျှကြာတဲ့နောက်မှာတော့ ချယ်ရီရောင်နှုတ်ခမ်းလေးထက်မှာ မဲ့ပြုံးတစ်ခုကတိတိပပ..။