ဂယူဗင်း မနေ့ညက အပျော်လွန်ကာ အတော်ညဉ့်နက်သည်ထိ အိပ်မရ၍ မနက်10နာရီကျော်နေသည့်တိုင် မထနိုင်သေးပေ။ထပ်အိပ်ချင်သေးသော်လည်း ဂယူဗင်းကို အိပ်မရအောင်လုပ်နေသည်မှာ အိပ်ယာဘေး စားပွဲပေါ်တွင်တင်ထားသည့် ဖုန်းလေးပင် ဖြစ်ပါသည်။
ဖုန်းလေးမှာ တုန်ခါနေတာ အတော်အကြာအထိ။ဂယူဗင်း အိပ်ချင်မူးတူးဖြင့် ဖုန်းနံပါတ်ကို မကြည့်ပဲ ကောက်ကိုင်လိုက်၏။တစ်ဖက်တွင်ကြားရသည်ကတော့ မေမေ့အသံ..
"သားဂယူ နိုးပြီလား"
"ဟုတ်~"
"နိုးရင် ရေမြန်မြန်ချိုးပြီး ဆိုင်ကိုလာခဲ့ဦး"
"မေမေ~ သားကအိပ်ချင်သေးတာကို..ဆိုင်ကိုလည်းမလာတော့ဘူး ရတယ် သားအိမ်မှာရှိတာပဲ ထမှ ဖြစ်သလို စားလိုက်မယ်"
"ဆိုင်ကိုလာမှ ရမှာ သားလေးရဲ့ ဆိုင်မှာ နိုအာလေးရောက်လို့"
"နိုအာ"ဆိုတဲ့ နာမည်ကြားလိုက်သည်နှင့် ဂယူဗင်း အိပ်ချင်နေသည့် မျက်လုံးများမှာ ပြူးကျယ်သွားရပြီး ငေါက်ခနဲ ထထိုင်မိသည်။
"ဗျာ..နို...နိုအာရောက်နေတာလား ဆိုင်မှာ?"
"ဟုတ်တယ် တော်တော်တောင်ကြာပြီ စားပြီး ငြိမ်ငြိမ်နေပါဆိုလည်း ပြောမရဘူး ဒီမှာ ဆိုင်ကိုပါ ကူလုပ်ပေးနေလို့"
"သား အခု လာခဲ့မယ် အ့"
ဂယူဗင်း အလျင်လို၍ ကုတင်ပေါ်မှ အရေးတကြီးထမိရာ ခြုံထားသောစောင်နှင့် ခြေထောက်ငြိကာ ကုတင်ပေါ်မှ ပြုတ်ကျသည်။
"ဟဲ့ သား ဘာဖြစ်တာလဲ"
"ကုတင်ပေါ်က ပြုတ်ကျတာ မေမေ ဘာမှမဖြစ်ဘူး ရတယ်ရတယ် ကျွန်တော် ခဏနေရောက်မယ်"
ဆိုင်ကို နိုအာရောက်နေသည်ဟူ၍ ကြားပြီးသည်နှင့် ဂယူဗင်းမှာ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က အပျင်းကြီးနေသည့်လူတစ်ယောက်နှင့်ပင် မတူတော့ကာ ရေမြန်မြန်ချိုး၍ တက်ကြွလန်းဆန်းသည့် လူတစ်ယောက်အသွင် ချက်ချင်းပြောင်းသွားတော့လေသည်။ဒီလိုပါပဲ ဒါကအချစ်ရဲ့ စွမ်းအားတွေလေ။
ဆိုင်နှင့်အိမ်သည်လည်း မဝေးသည်မို့ အရင်ရက်တွေကဆို လမ်းလျှောက်သွားဖြစ်ပေမဲ့ ဒီနေ့တော့ ဂယူဗင်း ဆိုင်ကိုအမြန်ရောက်ချင်သည်။ဒါကြောင့် အိမ်ရှေ့က စက်ဘီးကိုဆွဲကာ အလျင်မြန်ဆုံးအရှိန်ဖြင့် ဆိုင်ကို နင်းလာခဲ့လိုက်သည်။