အပိုင်း ၆
တစ်နေ့ ဆေးရုံ လူနာခန်းတွင် မုန်းမာန်ကို တွေ့လိုက်ရသည်။ အရင်က တည်ကြည်ခန့်ညားသော ခန္ဓာကိုယ်သည် ယခုအခါ အရိုးများကို မြင်နေရသည်။ နစ်ဝင်နေသော မျက်လုံးများ ထောင်ထွက်နေသော ပါးရိုးများကြားက ပြုံးလေးကို မြင်လိုက်မှသာ ကိုမုန်းမာန်ဖြစ်သည်ကို သိလိုက်ရသည်။မုန်းမာန်ကို မြင်လိုက်ရစဉ် ခွန်းသန့်မောင်သည် လွယ်အိတ်တွင် တပ်ဆင်ထားသော သော့ချိတ်လေးကို လက်တို့ဖြင့် ခပ်တင်းတင်းဆုတ်ကာ မုန်းမာန်ကုတင်နေရာသို့ အလျှင်အမြန် လျှောက်လာ ပြီး
"ကိုမုန်းမာန် ကိုမုန်းမာန် ဘယ်လိုဖြစ်တာလဲ"
"ခွန်းသန့်မောင် မင်းအထူးကုဆရာဝန်ကြီး ဖြစ်သွားပြီဆို၊ ဝမ်းသာလိုက်တာ ငါ့ညီရယ်"
ခွန်းသန့်မောင်သည် ဟန်ဆောင်အားတင်းထားသော်လည်း မျက်ရည်များ ကျလာကာ မုန်းမာန်ကို ဖက်၍ ငိုလေသည်။ ထို့နောက်မှ
"အစ်ကို့ အမျိုးသမီးကော ဘယ်မှလဲ"
"သူရှိပါတယ် အပြင်ကို ထမင်းသွားစားတယ်"
"အစ်ကို ဘယ်လိုဖြစ်ရတာလဲ"
"အစာအိမ်ကင်ဆာတဲ့ကွာ၊ အစကတော့ သတိမထားမိဘူး နောက်ပိုင်း ခဏခဏ ဗိုက်အောင့်နေလို့ စစ်ကြည့်လိုက်တော့ သိလိုက်ရတာ"
ဟု အရေးကြီးသော အကြောင်းကို ပေါ့ပေါ့ပျက်နိုင်စွာ ရယ်၍ပြောလာသည်။ ခွန်းသန့်မောင်သည် မုန်းမာန် လက်ကိုကိုင်ကာ
"အစ်ကို စိတ်မပူနဲ့ ကျွန်တော် အစွမ်းကုန်ကုသပေးမယ်။ ဒီကြားနား ကျွန်တော် အစ်ကိုနားမှာပဲ နေမယ်နော်"
ဟုပြောလိုက်သည်။ မုန်းမာန်သည် ကိုင်ထားသော လက်တို့ကို ဖယ်ချကာ
"မလိုပါဘူးကွာ သူနာပြုဆရာမလည်း ငှားထားတာပဲ၊ ဖြူကလည်း ဂရုစိုက်ပေး တယ် လေ"
ခွန်းသန့်မောင်သည် သူချစ်ရသူ ရောဂါဖြစ်နေချိန်၌ အနားမှာရှိနေချင်သည်။ သူဖြူကိုတော့ အားနာသည်၊ သို့သော် သူဖြူထံမှ ခွင့်တောင်း၍ အစ်ကိုနားတွင် နေမည်ဟု ကြံမိသည်။
ည၈နာရီထိုးတော့ သူ့နားနေခန်း အတွင်းသို့ ဖြူဝင်ရောက်လာသည်။ မမဖြူသည် အရင်အတိုင်း လှနေသည်။ ထို့ကြောင့်လည်း အစ်ကိုစွဲလမ်း နေတာဖြစ်မည် ဟုထင်မိသည်။
YOU ARE READING
ထာဝရအတွက်ချစ်နေပါရစေ
Romanceမပိုင်ရသည်ဖြစ်စေ ပိုင်ဆိုင်ရသည်ဖြစ်စေ သူပျော်တာမြင်ရင် ကျေနပ်နေရသူတစ်ယောက်ပါ