Part-16

1.3K 93 16
                                    

"ဒီနေ့ ထမင်းဝိုင်းမှာ နွေဘာလို့ မလာတာလဲ"

ဇနီးဖြစ်သူ အမ်မလီစကားကို ဒေါက်တာ မြတ်မင်းအောင် ဘာမှမဖြေ။

" ဒေါ်ဆွေ...အပေါ်ထပ်မှာ နွေရှိလား.."

" မရှိဘူး မမကြီး"

" ဘယ်သွားလဲ"

" ကျွန်မတို့မသိဘူးရှင့်..ကားလည်း သူမယူသွားဘူး"

" ဒါလင်...သူဆေးရုံစောသွားတာလား"

" မင်းနဲ့ငါ အိပ်ယာတူတူထတာလေ ဟန်နီ..ငါဘယ်သိပါ့မလဲ"

" သားကြီး၊ သားငယ်၊ နစ်ကီ...နွေ ဘယ်မှာလဲ"

" ကျွန်တော်တို့ဘယ်သိမလဲ..."

" ဟုတ်တယ်လေ..မာမီကလည်း သားလည်း အခုမှထတာ...နစ်ကီဆို ညဂျူတီဆင်းလို့ စားပြီးမှအိပ်မှာ.."

သားကြီးက ဖြည့်စွက်ပြောတော့ အမ်မလီ ဒေါသထွက်သွားသည်။ အိမ်တွင် လွတ်လွတ်လပ်လပ်နေရသော်လည်း အမ်မလီ၏တစ်ခုတည်းသောစည်းမျဉ်းမှာ အရေးပေါ်အခြေအနေမှလွဲရင် မနက်စာကို တူတူစားရမည်ဖြစ်သည်။ မိသားစုလိုက် ဆွေးနွေးစရာရှိတာဆွေးနွေးပြီး နေ့သစ်တစ်ခုကို မိသားစုနဲ့သာ စတင်စေချင်သည်။ အခုတော့ ငမွှေထိုးက ပျောက်ချက်သားကောင်းနေတော့သည်။

" ဟုတ်ပြီ...အားလုံးက အကြောင်းပြချက်ပေးနေကြတာ...ဘုန်းမြတ်အောင်ပဲ မာမီ့ကိုဘာမှမပြောတာ...နွေဘယ်မှာလဲ"

" သားမသိဘူး....မာမီ"

" မင်းမသိဘဲ မင်းမျက်နှာက ဘာလို့ ကြောက်သလိုလိုရွံ့သလိုလိုဖြစ်နေတာလဲ"

" သူဘယ်သွားလဲ သားမှမသိတာ..သားသိတာ သားဆိုင်ကယ်ကို သူ မသွားတာ...စာလေးပဲရေးသွားတာ"

" အစကတည်းကပြောလေ...အခုချက်ချင်းစာယူခဲ့"

အမ်မလီ၏မျက်လုံးများကဒေါသအရောင်ကိုကူးပြောင်းလာတော့သည်။ ဆွတ်ဆွတ်ဖြူသော အသားအရေမှာ နီလျက်။

ဘုန်းမြတ်အောင်လည်း အပေါ်ကို ကမန်းကတန်းတက်ကာ စာကိုယူလာပေးရှာသည်။

စာကို အမ်မလီဖတ်ကြည့်တော့

" မောင်လေးရေ...ငါမင်းဆီက တစ်သက်နဲ့တစ်ကိုယ် ဘာမှမငှါးခဲ့ဘူးနော် အခုဆိုင်ကယ်ငှါးမှာ..ငါခရီးထွက်မှာ ဘယ်လောက်ကြာမလဲမသိဘူး...ဆိုင်ကယ်နဲ့မှသွားလို့ရတဲ့ခရီးမို့လို့ပါ..မဟုတ်ရင်ငါ့ကားငါယူမှာ..လောလောဆယ်ငါ့ကားကိုယူမောင်းထား ဆီအပြည့်ဘဲ...ငါ့ကားကို ခြစ်ရာလေးတစ်ခုတောင်မထင်စေနဲ့...ဆိုင်ကယ်ယူသွားလို့ ငှါးခအနေနဲ့ဆို ဘာမှမပေးဘူး...မင်းဆိုင်ကယ်ကို အကောင်းအတိုင်းပြန်ယူခဲ့မယ်ဆို တော်ရောပေါ့...မကျေနပ်လည်းမတတ်နိုင်ဘူး..ဆိုင်ကယ်ကယူသွားပြီ...မင်းဒီစာကိုဖတ်နေချိန်...ငါ ဆိုင်ကယ်ကို မြောင်းထဲထိုးမကျဖို့မျှော်လင့်ပါတယ်...ခရီးရောက်လို့ ဖုန်းလိုင်းမိရင် ဆက်သွယ်လိုက်မယ်...နှစ်ယောက်မရှိတစ်ယောက်တည်းသော နင့်အစ်မ နွေဆူးခက်အောင်"

နှလုံးသားတစ်ခုကို ထုဆစ်ခြင်း ( Uni+Zawgyi)Where stories live. Discover now