Part - 4

1.1K 65 3
                                    

>> Unicode <<
~~~~~~~~~~~~

" သားအဆင်ပြေတယ် မေမေ ၊ ပြန်မလာချင်သေးဘူး "

တစ်ဖက်မှ မေမေ့ရဲ့အသံကတိတ်ကျသွားသည်။ ပုံရိပ်မင်းထင်လည်း မေမေ့ကိုသိပ်လွမ်းသည်။ သို့ပေမဲ့ ဖေဖေနှင့်ရင်မဆိုင်ချင်။ အိမ်ထဲကိုတောင်အဝင်မခံဘဲ နှင်ထုတ်တဲ့ဖေဖေ့ကို ပုံရိပ်စိတ်ဆိုးချင်သေး၏။

" အခုရော ဘယ်မှာနေနေလဲ၊ မနေ့က သားသူငယ်ချင်းတစ်ယောက်ရောက်လာတော့ ဖြူးရောက်နေတယ်တဲ့ ဟုတ်လားပုံရိပ် "

" ဟုတ်တယ်မေ၊ အကိုတစ်ယောက်နဲ့ ဖြူးကိုလိုက်လာတာ၊ စိတ်မပူပါနဲ့.. သားတကယ်အဆင်ပြေတယ် "

" ဘယ်သူစိမ်းကကြာကြာခေါ်ထားချင်မှာလဲ ပုံရိပ်ရဲ့၊ အဆင်ပြေလည်းခဏပဲပေါ့၊ အိမ်ကိုပဲပြန်လာစမ်းပါဟယ်.. နင့်အဖေကို ကျေနပ်အောင် တောင်းပန်လိုက်၊ ကိုယ့်အဖေ‌အကြောင်းလည်း သိရဲ့သားနဲ့၊ သူကပြောပြီးရင် နေနိုင်တာမဟုတ်ဘူး "

ပုံရိပ် ခေတ္တခဏတော့ငြိမ်သွားသည်။

" ကြားလား ပုံရိပ် "

" ပြန်လာရင်လည်း သားကဘာမှမပြောင်းလဲဘူးနော် မေမေ "

" . . . "

" သားကမေမေတို့မလိုချင်တဲ့သူပဲဖြစ်နေမှာ၊ မေမေတို့ပြောတဲ့ အခြောက်ပဲဖြစ်နေမှာနော် "

လေလှိုင်းထဲက မေမေ့ရဲ့ရှိုက်သံသဲ့သဲ့ဟာ ပုံရိပ်ရဲ့စိတ်တွေကို မွန်းကြပ်လာစေ၏။ ဒါကြောင့်လည်း ပုံရိပ် မေမေ့ကိုမဆက်သွယ်ဖြစ်ခဲ့ပေ။ အခုမှ စကားပြန်ပြောဖြစ်ပြီး မေမေလည်း သူ့ကြောင့် မျက်ရည်ကျရပြန်သည်။

" ဘာပဲဖြစ်ဖြစ်ပေါ့လေ မေမေကတော့ နင့်ကိုအိမ်ပြန်လာပြီး ဖအေကိုတောင်းပန်စေချင်တယ်၊ သူလည်းတစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပေါ့ "

ပုံရိပ်ကတော့ ထိုသို့မထင်ပါ။ မေမေ့ကိုတော့ ဘာမှပြောမနေတော့။

" ဟုတ်မေမေ ခုချက်ချင်းတော့မဟုတ်သေးပေမဲ့ သားပြန်လာမှာပါ၊ ပြီးတော့ အတူတူနေတဲ့အကိုက တကယ်သဘောကောင်းတာ.. မေမေဘာမှစိတ်မပူနဲ့ "

မေမေ့ရဲ့သက်ပြင်းချသံသဲ့သဲ့လေးကိုပင် သူကြားရသည်။ မေမေအတော်လေးစိတ်ပင်ပန်းနေတော့မည်။

အိမ် ( Completed )Where stories live. Discover now