>> Unicode <<
~~~~~~~~~~~~ဘာဖြစ်လို့ ဒီလိုတွေဖြစ်လာရတာလဲ။
မင်းအိမ်သူရဲ့ခေါင်းထဲစွဲမြဲနေတဲ့ မေးခွန်းတစ်ခု။ အဖြေကို သူကိုယ်တိုင်မသိခြင်းလည်းမဟုတ်။ ရှင်းပါတယ်။ ခွဲခွာဖို့သက်သက် ဆုံစည်းလာတဲ့ရေစက်တွေဖြစ်နေလို့ပဲ။
" အကို ဂျူတီမရှိဘူးလား "
အိပ်မှုန်စုံမွှားနှင့် ဧည့်ခန်းထဲရောက်လာတဲ့ ပုံရိပ် ။ သူနိုးလာတဲ့အချိန်က ညခုနစ်နာရီ။ မင်းအိမ်သူစာဖတ်နေသော်လည်း စာထဲမှာအာရုံရှိမနေတာကြောင့် ဖတ်လက်စစာအုပ်ကိုပိတ်လိုက်သည်။
" မရှိဘူး "
" ကောင်းလိုက်တာ၊ အပြင်မှာ ညစာထွက်စားကြမလား "
" မင်းမျက်နှာသစ်ပြီးရင်လာထိုင်၊ ကိုယ်ပြောစရာရှိတယ် "
သူ့ကိုသေချာကြည့်နေရင်း ပုံရိပ်ခေါင်းညိတ်၏။ ပြီးနောက် အနောက်ထဲဝင်သွားကာ တစ်ကိုယ်ရည်သန့်ရှင်းရေးသွားလုပ်သည်။ မင်းအိမ်သူထိုင်စောင့်နေရင်း သူ့ခေါင်းထဲမှာလည်း ဒွိဟစိတ်တွေသာတဝဲလည်လည်ရှိနေပါ၏။
ခဏအကြာမှာ ပုံရိပ်လည်းပြန်ထွက်လာပြီး သူ့ဘေးနားမှာလာထိုင်သည်။ ဆပ်ပြာနံ့သင်းသင်းလေးကိုခံစားမိတိုင်း ရင်ထဲအေးသွားသလိုထင်မှတ်ခဲ့ပါသော်လည်း အခုချိန်မှာတော့ မင်းအိမ်သူရဲ့ရင်ထဲပြည့်နှက်နေသည်က လေးလံခြင်းတွေသာ။
" ဘာပြောမလို့လဲ အကို "
" ကိုယ်တို့ဆက်ဆံရေးကို... ခဏလောက် break ယူသင့်ပြီထင်တယ် "
" ဗျာ "
ကြောင်အမ်းအမ်းနှင့်ပြန်ကြည့်နေတဲ့ ပုံရိပ်က မျက်လုံးအပြူးသား။ မင်းအိမ်သူ ပြောချင်တဲ့စကားတွေကို ကြိုတင်တွက်ဆထားသော်လည်း ပုံရိပ်ရဲ့အကြည့်တွေကြောင့် စကားလုံးတွေက ထွက်လာရန်ခက်ခဲနေသည်။ ပုံရိပ်က သူ့လက်တစ်ဖက်ကိုဆွဲယူဆုပ်ကိုင်ရင်း..
" အကို ဘာဖြစ်လို့လဲ၊ ကျွန်တော့်ကိုစိတ်ဆိုးနေတာလား "
" မင်းမနက်ကလုပ်ခဲ့တဲ့အပြုမူတွေ၊ ပြောခဲ့တဲ့စကားတွေကို မင်းမမှတ်မိဘူးလား ပုံရိပ် ၊ ကိုယ်စိတ်ဆိုးနေတာမဟုတ်ဘူး၊ စိတ်တွေလေသွားတာ "
