လီယိုတစ်ယောက် စနေနေ့ ကျောင်းပိတ်လို့ အပြင်လျှောက်လည်ဖို့ပြင်လိုက်သည်။
ဘတ်စ်ကားလွတ်သွားလို့ နောက်ထပ်ဘတ်စ်ကားကို ထပ်စောင့်နေရသည်။ အချိန်က ၁၅မိနစ်ကြာသွားသည်။
လီယိုသွားသည်က ပန်းချီကားများ သီးသန့်ရောင်းသောနေရာ၊ ထို့ပြင် ပန်းချီလည်းသီးသန့်ဆွဲလို့ရသေးသည်။
ထိုနေရာက လီယို့အကြိုက် ပန်းချီဝါသနာပါသော လီယို့ဖို့ ပိတ်ရက်တိုင်း သွားသည့်နေရာလေးတစ်ခုပင်။
ဒီနေ့လည်း ထုံးစံအတိုင်း အိတ်ထဲ ပန်းချီပစ္စည်းလေးများထည့်ကာ သွားတော့သည်။ ထို့နောက် ပန်းချီကားတန်းနှင့်ဘေးက ဖွင့်ထားသော မုန့်ဆိုင်လေးတွင် မုန့်နဲ့အအေးမှာကာ နေရာလွတ်တစ်ခုကိုရှာ၍ ပုံစဆွဲတော့သည်။ နားကြပ်လေးတပ်ကာ သီချင်းနားထောင်မိနေသည်။ သီချင်းလေးနာမည်က ဦးငှက်ရဲ့ ပထမအသည်းကွဲဇာတ်လမ်း။
ပန်းချီbackground လေး ပြီးလို့ ခဏ နားတုန်း မိုးသားက အုံ့မှိုင်းလာသည်။
" ဟဲလို...မင်း ပြန်သင့်ပြီ...မိုးကရွာတော့မှာ"
ဘေးက လူဖြူအဘိုးကြီးတစ်ယောက်က ပုခုံးပုတ်ကာလှမ်းပြောသည်။ သူလည်းသူ့ကင်းဘတ်ပိတ်တွေကို သိမ်းထားပြီးပြီပဲ...တော်တော်များများလည်းသိမ်းလျက်။
" ကျေးဇူး...ဘရို..."
လီယိုလည်း ပစ္စည်းလေးများသိမ်းကာ ထွက်လာတော့ မိုးက စသည်းတော့သည်။
လူပဲအစိုခံမယ် ပန်းချီအစိုမခံဘူးဆိုကာ ပန်းချီကားလေးကို ရင်ထဲပိုက်ပြီး အနီးဆုံးမိုးခိုသည့်နေရာ ဘတ်စ်ကားမှတ်တိုင်ကို ပြေးလာခဲ့သည်။
လူအုပ်ကလည်း မိုးခိုဖို့ ဘတ်စ်ကားမှတ်တိုင်က အမိုးဆီပဲ ဇွတ်တိုးဝင်လာကြသည်။
'ကတောင်...
အင်စတာဂရမ်ကနေ မက်ဆေ့ချ်ဝင်လာသည်။ ထုံးစံအတိုင်း ဟိုတစ်ယောက်ပါပဲ။ ကလပ်မှာတွေ့တဲ့တစ်ယောက်လေ။
" ဘေဘီ မင်းအခုဘယ်မှာလဲ"
" ကျွန်တော်က art streetက ဘတ်စ်ကားမှတ်တိုင်မှာ မိုးခိုနေတာ"