[Unicode]
စံအိမ်ရဲ့ ဆင်ဝင်အောက်သို့ ကားတစ်စီးထိုးဝင်ကာ ရပ်လိုက်၏။ ထို့နောက်...
" မင်းတို့ အိမ်ထဲဝင်ဦးလေ..."
"နောက်နေ့ကျမှ ငါတို့လာခဲ့မယ် အခုသွားစရာရှိသေးလို့ ဂျောင်ကုရ..."
ဂျောင်ကုသည် သူ့အား ကားပျက်သွား၍ တင်ခေါ်လာသော သူငယ်ချင်းတွေအား အိမ်ထဲဝင်ရန်ခေါ်လိုက်သော်လည်း တစ်နေရာရာသို့ သွားစရာရှိနေပုံရသော သကောင့်သားတွေကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။
ပြီးနောက် ကားကို ဝူးကနဲမောင်းထွက်သွားသည်။
" ကျွန်တော်ပြန်ရောက်ပါပြီ..."
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲတွင် အသင့်ရှိနေသော ဧည့်သည်အချို့ကြောင့် ဂျောင်ကုလို တစ်သီးတစ်ခြားနေတတ်သူအဖို့ အနည်းငယ်စိတ်ခုသွားရသည်။ မာမီသည် ဧည့်သည်များအား စကားစမြည်ပြောရင်း ကြိုဆိုနေပုံရ၏။
မာမီက ဂျောင်ကုကို မြင်တော့ ဧည့်သည်များရှိသည့် ထိုနေရာသို့ လာရန် လက်ယက်ခေါ်၏။
ဂျောင်ကုလည်း မာမီခေါ်သည့်အတိုင်း မာမီ့ဘေးက ကျွန်းဆိုဖာတစ်ခုမှာ ဝင်ထိုင်လိုက်သည်။"ဒါ ကျွန်မ သားလေးလေ...၊ သား ဒါက မာမီရဲ့သူငယ်ချင်း၊ မာမီ့ရဲ့ အမတစ်ယောက်လို့ပြောလည်း မမှားဘူး..."
မာမီပြောသမျှစကားကို မည်သည်မျြှပန်မဆိုဘဲခေါင်းငြိမ့်ကာ မာမီ့၏ သူငယ်ချင်းဖြစ်သူ အန်တီအား အသိအမှတ်ပြုလိုက်သည်။
" သူတောင် တော်တော်ကြီးလာပြီပဲ..."
ထိုအန်တီရဲ့စကားကြောင့် ဂျောင်ကု တစ်ကိုယ်လုံး အနည်းငယ်မျှ ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားရသည်။
တကယ်တမ်း ဂျောင်ကု အာရုံရှိနေသည်က အန်တီကြီးရဲ့ဘေးမှာ ထိုင်နေသော လူတစ်ယောက်ကိုသာ...။
ခေါင်းငုံ့ကာ မျက်လွှာချထားသည်မို့ မျက်နှာကို သေသေချာချာမမြင်ရ။ အသားဝင်းဝင်းနှင့်သိပ်မနက်သည့် အညိုရောင်ဘက်အနည်းငယ်သွားသော လှိုင်းတွန့်သဏ္ဍာန် ဆံပင်တိုတိုနှင့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအချို့အရသာ ယောက်ျားလေးတစ်ယောက်ဟု မြင်နေရခြင်းဖြစ်သည်။ အသက်အရွယ်ကတော့ သူနဲ့မတိမ်းမယိမ်းလောက်တော့ ထင်၏။
ဘာကြောင့်ရယ်မှန်းမသိပေမဲ့ ထိုလူ့အား မာမီမိတ်ဆက်ပေးလာဖို့ကို မသိမသာလေးမျှော်လင့်မိနေသေးသည်။
ခဏအကြာမှာပဲ ဂျောင်ကုရဲ့ ဆန္ဒတွေဟာ မာမီ့ကြောင့်ပြည့်ဝခဲ့ရသည်။