ချီလဲ့သည် အမြဲအေးတိအေးစက် အမူအရာရှိသော်လည်း သူ့တွင် အနက်ရောင်တောက်တောက် မျက်လုံးအိမ်များနှင့် သဘာဝအတိုင်း ပြုံးယောင်သန်းနေသော မျက်ဝန်းတစ်စုံရှိသည်။ ပြုံးလိုက်သောအခါတွင် လှပသော လခြမ်းကွေးလေးနှစ်စင်းကဲ့သို့ သူ့မျက်လုံးများ၏ အစွန်းလေးများ ကွေးသွားကြသည်။ သူ့ မျက်ခွံလေးများ အနည်းငယ် မှိတ်ချလိုက်လျှင် တစ်စုံတစ်ယောက်က သူ့ကို အနိုင်ကျင့်သလိုမျိုး သနားစရာကောင်း ပြီး တဖက်လူမှာ အပြစ်ရှိသလိုပင် ခံစားသွားမိပေလိမ့်မည်။
ထိုလှပသော မျက်ဝန်းများကို တဖျတ်ဖျတ်ခပ်နေတာကိုကြည့်ရင်း ရှန်းကျိုးက တိုးတိုးလေး သဘောတူလိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့်ပင် သူ့နှုတ်ဖျားဆီမှ စကားလုံးလေးများ ပွင့်အာခါနီးတွင် ခဏရပ်တန့်ကာ တမင်တကာ မေးလိုက်သည်။
"ဘာလို့ သင်ပေးရမှာလဲ။"
"ငါ မင်းကို ပိုက်ဆံ ပေးမယ်၊ မင်း ပိုက်ဆံ ပြတ်နေတာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါ မုန့်ဖိုးလဲ အလကား မဖြစ်တော့ဘူးလေ။ ငါ့ကိုသင်ပေးတာကို အချိန်ပိုင်း အလုပ်တစ်ခု အနေနဲ့ မင်းဘာလို့ တွေးမကြည့်တာလဲ။" ချီလဲ့သည် ရှန်းကျိုး၏လက်ထဲက ဟောင်းနွမ်းနေသည့် ဘတ်စကတ်ဘောကို ကြည့်ပြီး လူရွေးမှန်သွားပြီဟု ခံစားလိုက်ရသည်။ ငါ့ရဲ့ အနာဂတ်ဇနီးလေး ကို အကြောင်းပြချက်တစ်ခုခုနဲ့ ပိုက်ဆံပေးတာက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲပေါ့...
သခင်လေးချီသည် အလွန်ထက်မြက်နေဆဲဖြစ်သည်။
"ငါက ပိုက်ဆံ ပြတ်နေတာတဲ့လား။" ရှန်းကျိုးသည် ချီလဲ့ အကြည့် ရောက်နေသည့် သူ့လက်ထဲမှ ဘတ်စကတ်ဘောကို ကြည့်လိုက်တော့မှပဲ၊ မကြာသေးမီရက်များအတွင်း ချီလဲ့၏ "နွေးထွေးမှုပေးသည်" ဆိုသည့် အပြုအမူများနှင့် ဆက်စပ်မိကာ တစ်စုံတစ်ခုကို နားလည်သွားပြီး အော်ရယ်မိတော့ မတတ်ပင်။
ချီလဲ့က သူ့အား ဆက်လက် ဆွဲဆောင်နေသည်။ "မင်း ငါ့ဆီမှာ အချိန်ပိုင်းအလုပ် လုပ်.... မုန့်ဖိုးပေးမယ်။ ပိုက်ဆံရော ပစ္စည်းရော ပေးမှာမို့ မင်း ဘာမှရှက်နေစရာ မလိုဘူး"

YOU ARE READING
ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး [Complete]
Romanceချီလဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူသည် သူရဲ့ ပြိုင်ဘက်နှင့် အတူ အိပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးတွင် Alpha ရဲ့ဖယ်ရိုမုန်းရနံ့အပြည့်ရှိနေပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော မင်္ဂလာဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားတယ်။ အိပ်ရာက နိုးလာပြီးနောက် သူ့နဖူးမှ...