Unicode
" ဘာလို့ ငိုနေတာလဲ"
"ဒါတွေအားလုံး ကျွန်တော့်အပြစ်ပါ။ အစ်ကိုကြီးသာ နိုးမလာတော့ရင် ဘယ်လိုလိုလုပ်မလဲ..."
"မင်း ဘာတွေပြောနေတာလဲ"
ငြင်းခုံပြောဆိုသံများဖြင့် ဆူညံနေသည်။
ကျန်းလော့ ခေါင်းထဲတွင် အသံများ ဆူညံနေသည်။ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး နောက်ဆုံးအနေနဲ့ သူဘာမှ မတုံ့ပြန်နိုင်မီ ပေါက်ကွဲမှုဖြစ်ခဲ့သည်ကိုပဲ သတိရတော့သည်။ မြင်မြင်ရသမျှအားလုံး မှောင်မိုက်နေသည်။ ယာဉ်တိုက်မှု ဖြစ်တဲ့နေရာမှာ ဘာတွေဖြစ်နေတာပါလိမ့်။
ကျန်းလော့ သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူတွေးထင်ထားသည့် ယာဉ်တိုက်မှု မြင်ကွင်းဟုတ်မနေခဲ့ပေ။ သူ့မြင်ကွင်းထဲ ဝင်လာသည်က မည်းညစ်နေသည့်မျက်နှာကျက်နှင့် ပစ္စည်း တွေ ပြည့်နေသည့် စင်တွေရှိနေသည့် ချဉ်စုတ်စုတ်နှင့် မှိုနံ့တို့ဖြင့် ပြည့်နေသည့် အခန်းတစ်ခု ပင်။ သူ့ဘေးတွင် စကားတွတ်ထိုးနေသူ နှစ်ဦးရှိနေသည်။
" မဆူကြပါနဲ့ တော့ "
ကျန်းလော့သည် သူ့ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်ဟ၍ ပြောလိုက်သည်။ သူ့အသံက အက်ရှရှနှင့် အားနည်း နေသဖြင့် တိုးသဲ့သည်။
သူ၏ စကားသံကြောင့် ငြင်းခုံသံများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အမျိုးသားနှင့်အမျိုးသမီး နှစ်ဦး စလုံး ကုတင်နှင့်နီးရာသို့ လျောက်လာကြသည် ။
" သား "
" အစ်ကိုကြီး "
သူတို့ နှစ်ဦးစလုံး သူ့ရင်ဘတ်ပေါ် ဖိထားကြသဖြင့် ကျန်းလော့မှာ ရုတ်တရက်ဆိုသလို မူးမေ့မတတ် ဖြစ်သွားသည်။ အမျိုးသမီးဖြစ်သူက စိုးရိမ်တကြီးမျက်နှာဖြင့် မေးသည်။
" သားလေး နေရတာအဆင်ပြေရဲ့လား "
" ကျွန်တော်... "
ကျန်းလော့မှာ အားနည်းနေသဖြင့် သူ့လက်ကို မြှောက်လိုက်သည့်အခါ လက်တို့က တုန်ယင်နေလေသည်။
အမျိုးသမီးက ဝမ်းနည်းစွာ ငိုကြွေးလျက် သူ့လက်ကို ကိုင်ကာ ပြောလာသည်။