Prologue

440 17 0
                                    

သစ်အိမ်လေးရဲ့ရှေ့ မြေကွက်လပ်ဝယ် ၁၀နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက်သည် အရယ်အပြုံးမဲ့သော မျက်နှာအမူအယာဖြင့် ထိုင်ကစားနေ၏ ။ သူ့လက်ထဲမှ အနီရောင်ကား အရုပ်သည် မြေကြီးတွင် ဖိလှိမ့်ခံနေရသည်ကြောင့် ညစ်ပေလျက်ရှိသည် ။

သစ်အိမ်လေးထဲတွင်တော့ ယောကျာ်းနှင့် မိန်းမတို့ရဲ့ စကားသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည် ။ သူတို့ဘာတွေပြောနေကြသလဲ "နေ" မသိ ။ နေ သိတာ ထိုလူဟာ မေမေ့ကို နှိပ်စက်နေတဲ့လူကြီး ။ အဲ့ဒီလူကြီး အိမ်ပြန်လာတိုင်း မေမေ ငိုရသည် ။ မေမေ့ကို မျက်ရည်ကျအောင် လုပ်သည့် ထို လူကြီးကို နေ မုန်းသည် ။

" နေ !! "

ထို လူကြီး နေ့ကို အော်ခေါ်လိုက်သောကြောင့် အရုပ်ကားကို ပို၍ ဖိကိုင်လိုက်မိသည် ။

" ဒီ လာခဲ့ဦး "

နေ့မှာ သူ့ကို လွန်ဆန်နိုင်စွမ်းမရှိပါ ။ သူ ပြောသည့်အတိုင်း သူ့ဘေးနား သွားထိုင် ပေးလိုက်သည် ။ အိမ်ထဲတွင် မေမေ ငိုနေသည်ကိုတော့ နေ လှမ်းမြင်နေရသည် ။

" မင်းကို မေးမယ် ။ မင်း ပိုက်ဆံ မလိုချင်ဘူးလား "

သူမေးသည့် မေးခွန်းကို နေ တကယ်နားမလည်၍ မဖြေမိပါ ။ ပိုက်ဆံဆိုတာ ဘာလဲ ။ မေမေ့ကို မျက်ရည်ကျအောင် အမြဲလုပ်နေကျ အရာတွေထဲက တစ်ခုမလား ။ လူကြီးတွေ ဘာကြောင့် ပိုက်ဆံဆိုတာကြီးကို ရှာနေကြတာလဲ နေ မသိဘူး ။

နေအဖို့ မေမေရှိရင် ရပြီ ။ ဘာမှ ထပ်မလိုအပ်ဘူး ။

" ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့ ။ မင်းလည်း ပိုက်ဆံလိုချင်တယ်မလား ။ ငါ ရှာလာခဲ့ပေးမှာမို့ ဖြူတယ်မဲတယ် ဘာမှ အထွန့်လာမတက်နဲ့ ။ မင်းတို့သားအမိ ဆယ်ဘ၀ စားမကုန်အောင်ကို ရှာလာပေးမှာ "

ထိုနေ့က သူ့ရဲ့ စကားများသည် မိသားစုတစ်ခုကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ပြီး ပြောနေခဲ့မှန်း နေ မသိခဲ့ ။ အဲ့ဒီတုန်းကသာ နေ နားလည်ခဲ့ရင် ပိုက်ဆံတွေ မလိုဘူးလို့ နေ ငြင်းခဲ့မိမှာပါ ။

××××××××××××××××××××××××××××

" မြန်မာပြည်ရဲ့ Top 10 စာရင်း၀င် သူဌေးကြီး ဦးမင်းကျော် တောင်ကြီးအတက်လမ်းတွင် ကားမှောက် ။ ကားပေါ်ပါသူအားလုံး နေရာတွင် ပွဲချင်းပြီး သေဆုံး " ဟူသော သတင်းသည် ဂျာနယ်တိုင်းလိုလိုရဲ့ ခေါင်းစည်းအဖြစ်ပါနေလေသည် ။

နေရာတိုင်းတွင်လည်း ထိုသတင်းသည် မကြားချင်မှ အဆုံး ။

" ကျန်ခဲ့တဲ့ ကလေး၂ယောက် သနားပါတယ် "

" ဟဲ့ အဲ့ကလေး၂ယောက်က အရွယ်တူလိုပဲ ။ အမြွှာလို့ ပြောရအောင်လည်း ရုပ်မတူကြဘူး "

" အယ် ညည်းမသိဘူးလား ။ သူဌေးကြီးမှာ တိတ်တိတ်ပုန်း မယားရှိတယ်လေ ။ အဲ့ဒီ မယားကလည်း မူးယစ်မှုနဲ့ ထောင်ကျသွားတယ်လို့ သဲ့သဲ့လေးကြားမိသေးတယ် "

" ခရိုနီကြီးတွေရဲ့ အပုပ်အပွတွေပေါ့ ။ မထင်ရဘူး ။ ငါက သူတို့ မိသားစုကို လူကောင်းကြီးတွေ မှတ်လို့ "

လူတွေရဲ့ ဝေဖန်မှုတွေသည် ကလေးငယ်တွေရဲ့ ရင်ထဲ ဘယ်လောက်ထိ ရိုက်ခတ်မှုရှိသလဲဆိုတာ မသိကြ ။ သတင်းတစ်ခုခုရသော် မှန်မမှန် မစဥ်းစား ။ ချဲ့ကား ဝေဖန်ကြရန်သာ အားသာကြ၏ ။

အပြင်တစ်ခါထွက်လေတိုင်း ကြားနေရသော စကားသံတို့သည် နုနယ်သော စိတ်တို့ကို အနာတရဖြစ်စေသည် ။ ၁၀နှစ်၀န်းကျင်သာ ရှိကြဦးမည့် ကလေး၂ယောက်သည် တစ်ယောက်ကို တစ်ယောက် တင်းတင်းပွေ့လို့သာ ငိုနေကြရရှာသည် ။

" ကြယ်ရောင်စုံတောက်ပ .... လမင်းကြီးကသာ
ငှက်ကလေးများလည်း အိပ်ပျော်နေပါပြီ ။

ကန်ရေပြင်ကြီးလည်း ငြိမ်သက်တိတ်ဆိတ်စွာ
မျက်လုံးမှိတ်ပြီး အိပ်ပါ ညီလေးရာ "

စျာန်ယာမင်းကျော်သည် အစ်ကိုကြီး အဖရာဆိုသည့် စကားကို ငယ်ငယ်ရွယ်ရွယ်နဲ့ နားလည်ကာ ညီလေးတွက် ဘာမဆို ရင်ဆိုင်ဖို့ အသင့်အနေအထားတွင် ရပ်ခဲ့သည် ။ တစ်ဦးတည်းသော ညီလေးကို အစွမ်းကုန် ကာကွယ်ပေးရပေမည် ။

ဒယ်ဒီ့ကို ပေးခဲ့သည့် ကတိအတိုင်း ညီလေးကို အစွမ်းကုန် စောင့်ရှောက်ပေးမှာပါ ။

ရင်ခွင်သေးသေးရဲ့ အနွေးဓါတ်ကို အမှီပြုလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အပြစ်ကင်းစင်လွန်းတဲ့ ညီလေးငယ် ။ ဒယ်ဒီတို့က နိုင်ငံခြားသွားနေတာလို့ လိမ်ပြောထားသည်ကိုတောင် ယုံကြည်နေတဲ့ ရိုးသားလွန်းတဲ့ ကလေးလေးပါ ။

အသက်အရွယ်အားဖြင့် ၁၀ လ ခန့်သာ ကွာပါသော်လည်း စျာန်ယာလေးသည် သူ့ညီထက် အများကြီး ပိုရင့်ကျက်ပါသည် ။ ညီလေး တိုင်းသိပြည်ကျော်သည် အလိုလိုက်ခံ အချစ်ခံလေးမို့ လောကကြီးရဲ့ သောကတွေကို မသိပါလေ ။

ဒီတိုင်းလေး ဘာမှ မသိဘဲ ဆက်နေသွားပါ ကိုကို့ရဲ့ ညီလေး ။ ကိုကိုကပဲ ညီလေးအစား အားလုံး လုပ်ပေးသွားမှာမို့လို့ ဖြူဖြူစင်စင် ကြီးပြင်းလာပေးပါ ။ ဒယ်ဒီတို့တွေ ကိုကို့ကို မွေးစားခဲ့တာ မမှားစေရပါဘူး ။

၅ . ၁၀ . ၂၀၂၄
သကြားလုံး

ကျူပင်ခုတ် ကျူငုတ်မကျန် Where stories live. Discover now