၁၇၃၈ခုနှစ်။
ဧပရယ်လရဲ့ ဒုတိယအပတ်။
ဆောင်းရာသီကုန်ခါစဆိုပေမယ့် အအေးငွေ့တို့ကအနည်းငယ်ရစ်ပတ်နေသေးသည်။ မြူတွေကိုထိုးဖောက်ရင်း ကမ္ဘာမြေပေါ်သို့ရှင်းရှင်းလင်းလင်းကျရောက်နေတဲ့နေရောင်အောက် ရှုပ်ထွေးဆူညံနေတဲ့ဓားချင်းပွတ်တိုက်သံ၊ နာနာကျင်ကျင်အော်ဟစ်သံ၊ ဒေါသတကြီးဟစ်ကြွေးသံတွေနဲ့ လူအုပ်ကြီးဟာ သူတို့ရှင်သန်နေရတဲ့ဘဝတွေအတွက် တရားမျှတမှုမရှိတဲ့လောကဇာတ်ခုံကြီးမှာ သနားစဖွယ်ဖျော်ဖြေနေကြရသည်။
ဒီနေ့ဟာ နေဗီတိုးရီးယား(Navytoria)နန်းတော်ရဲ့သွေးစွန်းတဲ့နေ့။ မဟုတ်သေးဘူး၊ ဒီတိုင်းပြည်ဟာ လွန်ခဲ့တဲ့၇နှစ်ကစပြီး ပြည်တွင်းပုန်ကန်မှုတွေကြောင့်တစ်စတစ်စသွေးစွန်းနေခဲ့တာဖြစ်သည်။ ဘုရင်ဟာ တိုက်ပွဲမဖြစ်စေဖို့ တော်လှန်ရေးတပ်တွေကိုရှင်းလင်းသုတ်သင်ဖို့ကြိုးစားခဲ့ပေမယ့် နစ်နာမှုတွေကြောင့်မကောင်းဆိုးဝါးအသွင်ပြောင်းကုန်ကြတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ နန်းတော်ကစစ်သားများကိုတောင် ပြန်အမြစ်ဖြတ်ပစ်တဲ့အထိ အားကြီးခဲ့သည်။
အရာအားလုံးရဲ့အစဟာ လွန်ခဲ့တဲ့၁၀နှစ်ကဖြစ်သည်။ အစိုးရပိုင်လယ်ယာမြေတွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လယ်သမားပြည်သူတွေရှိခဲ့သည်။ လူဆိုတဲ့သဘာဝအတိုင်း လောဘတွေအတ္တတွေနဲ့ဖုံးလွှမ်းလာတဲ့ဘုရင်ဟာ ခွင့်ပြုချက်မတောင်းဘဲ ထိုလယ်ယာတွေပေါ်မှာ ပြည်ပစက်ရုံတွေကိုစဆောက်စေခဲ့သည်။ အလုပ်လက်မဲ့ဖြစ်လာကြတဲ့ပြည်သူတွေကို တခြားအလုပ်တစ်ခုရှာခိုင်းခဲ့ပြီး လယ်ယာတွေကိုတဖြည်းဖြည်းပြန်သိမ်းရင်း နိုင်ငံတော်ဝင်ငွေပိုရစေမယ့် ပြည်ပစက်ရုံအလုပ်အားပိုပြီးချဲ့ထွင်လာခဲ့၏။ ကိုယ်ပိုင်လယ်ယာတွေနဲ့စိုက်ပျိုးရေးလုပ်ကြတဲ့သူတွေရှိပေမယ့် ပြည်သူအင်အားနဲ့အစားအသောက်တို့ဟာ မညီမမျှဖြစ်လာခဲ့သည်။ ထို့ကြောင့် အစိုးရကို ပြည်ပမှစားသောက်ကုန်တွေတင်သွင်းဖို့တောင်းဆိုခဲ့တော့ အစိုးရကလက်ခံခဲ့၏။ အဆင်ပြေသွားပြီလို့ထင်ခဲ့ကြတဲ့ပြည်သူတွေဟာ တစ်ဖန်ထပ်ပြီး မြင့်မားတဲ့ကုန်ဈေးနှုန်းကြောင့် အကြပ်အတည်းတွေနဲ့ရင်ဆိုင်ရပြန်သည်။ ပြည်ပမှသွင်းသမျှအရာတိုင်းဟာ ဈေးကြီးပေးရလေ့ရှိတာမို့။