အချိန်တွေဆိုတာကုန်တာမြန်ပါတယ်။ အထူးသဖြင့် အရာရာဟာကိုယ်လိုသလိုဖြစ်နေပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေရတဲ့အခါမျိုးတွေမှာပေါ့။
ပြောင်းလဲသွားတဲ့ကံကြမ္မာကြောင့် ဘတ်ဟျွန်းဟာ နန်းတော်မှာနေထိုင်ဖို့ဖြစ်လာခဲ့ပြီး သူလိုချင်တဲ့ဘဝကိုရလာခဲ့တယ်။ စိတ်ကူးထားသမျှအရာအားလုံးကိုဘုရင်မင်းမြတ်ကဖြည့်ဆည်းပေးနေတဲ့အခါ ဘာမှပူပန်စရာမလိုတော့ဘဲအချိန်တွေလည်းကုန်မှန်းမသိကုန်လာခဲ့သည်။ နန်းတော်ထဲရောက်ပြီးဒုတိယနေ့မှာတင်ပဲ ဘတ်ဟျွန်းကိုတယောထိုးသင်ပေးမယ့်တယောပညာရှင်တစ်ယောက်ရှိလာခဲ့သလို နေ့လည်စာစားပြီးတဲ့အချိန်တိုင်း ဘုရင်မင်းမြတ်လိုအီဟာ ဘတ်ဟျွန်းထိုးပြတဲ့တယောသံစဉ်တွေကိုနားထောင်ပြီး အနားယူလေ့ရှိ၏။ ဘတ်ဟျွန်းရဲ့အိပ်မက်တစ်စိတ်တစ်ပိုင်းတို့သည် ပြည့်လာခဲ့သည်။ သံစဉ်တွေကနူးညံ့လို့မုန်းတယ်ဆိုတဲ့လိုအီဟာ အားလပ်ချိန်တိုင်း ဘတ်ဟျွန်းရဲ့တယောသံတွေကိုစိတ်လိုလက်ရနားထောင်ပေးသည်လေ။
လိုအီနဲ့အတူ မနက်စာ၊နေ့လည်စာ၊ညစာ သုံးကြိမ်လုံးအတူစားသောက်ခွင့်ရတဲ့ဘတ်ဟျွန်းသည် တစ်ခါမှမစားခဲ့ဖူးသည့်စားကောင်းသောက်ဖွယ်တွေအတွက် ဘုရားသခင်ကိုကျေးဇူးတင်စကားအမြဲဆိုတတ်သည်။ ထိုအခါတွေကျ လိုအီရဲ့မျက်လုံးတွေဟာသနားကြင်နာတဲ့အကြည့်တွေအဖြစ်ပြောင်းသွားတတ်သည်။ သူသာ အကျိုးဆက်တွေများတဲ့အနာဂတ်ကိုမရွေးချယ်ခဲ့ဘူးဆိုရင် ဒီအချိန်ဆိုဘတ်ဟျွန်းဘယ်မှာရှိနေလောက်မလဲ?
ဘုရင့်ရဲ့တော်ဝင်အဆောင်ကို ကိုယ်ရေးအရာရှိနဲ့ကြင်ယာတော်မာရီယာနည်းတူ တံခါးမရှိဓားမရှိဝင်ထွက်သွားလာခွင့်ရနေတဲ့ဘတ်ဟျွန်းသည် အများအမြင်မှာတော့ ဘုရင်လိုအီကသီးသန့်ခန့်ထားတဲ့ ဘုရင့်အကြိုက်ကိုကြီးကြီးမားမားပြောင်းလဲပေးနိုင်ခဲ့တဲ့ဖျော်ဖြေရေးသမားလေးပေါ့။ ဒါသည် နန်းတွင်းကလူတွေရဲ့အမြင်သပ်သပ်သာဖြစ်ပြီး ဘုရင့်ဘက်ကတော့ဘာမှတရားဝင်ကြေငြာထားခြင်းမရှိပါ။
ယခုလည်း ဘတ်ဟျွန်းရဲ့ပေါ့ပါးတဲ့ခြေလှမ်းတွေသည် ဘုရင့်တော်ဝင်အဆောင်ထဲသို့ဦးတည်လာသည်။ ကျောက်ရုပ်လိုတည်ငြိမ်နေတဲ့အစောင့်တွေဟာ ဘတ်ဟျွန်းရဲ့လက်ထဲကအရာကိုမြင်ပြီး အံ့ဩနေကြရ၏။ ဟိုတစ်နေ့ကကျပုတ်သင်ညိုတစ်ကောင်ဖြစ်ပြီး ဒီနေ့ကျတော့ငှက်ပေါက်တစ်ကောင်တဲ့လား။