ဒီနေ့လည်း ဘုန်းပြည့်စုံက အသွေး၏ အနောက်တည့်တည့်တွင် ထိုင်သည်။
ပြတင်းပေါက်နားတွင်ရှိနေသော နေရာကနေဆို အသွေး၏ မျက်နှာကို ဘေးတစောင်းမြင်နေရသော်လည်း ယခုနေရာကတော့ အသွေး၏ ဆံပင်တိုတိုဦးခေါင်းနှင့် ဖြူဖွေးဖွေးဂုတ်သားများနှင့် အင်္ကျီအဖြူ၀တ်ထားရသည့် ကျောပြင်ကိုသာ မြင်ရသည်။
သို့သော် အသွေး၏ ခပ်တိုးတိုးအသံလေးများနှင့် ခပ်သင်းသင်းပန်းရနံ့လေးများကိုတော့ သူခံစားနေရသည်။ ဘာပန်းအနံ့လဲဆိုတာကိုတော့ သူမသိ။ တစ်ချက်တစ်ချက် အသွေးက သူ့ကိုလှည့်ကြည့်ကာ ပြုံးပြတတ်သေးသည်။ ပြုံးတာက သူ့အတွက် အဲ့လောက်တောင် လွယ်ကူနေတာလား။
"ဘုန်းပြည့်စုံ ထမယ်"
သိပ္ပံဆရာမ၏ ခေါ်သံကြောင့် ဘုန်းပြည့်စုံ ထရပ်လိုက်သည်။
"အောက်ဆီဂျင်နဲ့ဟိုက်ဒြိုဂျင်မှာဆို ဘယ်ဓာတ်ငွေ့က မီးလောင်မှုကို အားပေးတာလဲ "
ဘုန်းပြည့်စုံ မရည်ရွယ်ပါဘဲ မိမိအရှေ့တွင်ထိုင်နေသော အသွေးကို ငုံ့ကြည့်မိသည်။
အသွေးက လက်လေးကို စက်ဝိုင်းပုံစံဝိုင်းပြပြီး နှုတ်ခမ်းတထော်ထော်နှင့် အို အိုဟုလည်းပြောနေသေးသည်။
"အိုအို "
ဘုန်းပြည့်စုံ၏ အဖြေကြောင့် အားလုံး၏မျက်နှာက ပြုံးစိစိ။
"အိုအိုက ဘာလဲ "
အသွေးက အိုဟုပြောကာ လက်နှစ်ချောင်းထောင်ပြပြန်သည်။
" အိုတူး"
"အသွေးအရှေ့ကို လှည့်မယ် "
ဆရာမက အနောက်သို့အနည်းငယ်စောင်းနေသော အသွေးကို သတိပေးလိုက်သည်။
" O2က ဘာဓာတ်ငွေ့လဲ"
အသွေးက အောက်ဘက်သို့ လက်ညှိုးညွှန်ပြပြီး သူ၏အုန်းဆီရွှဲရွှဲခေါင်းကိုကိုင်ပြသည်။
" အောက်..ဆီ.."
"တော်တော်ကောင်းတဲ့ သင်္ကေတတေပဲ လျှို့ဝှက်စစ်ဆင်ရေးတေဘာတေများ လုပ်ခဲ့ကြသေးလားဟင် နေခြည်သွေးနဲ့ဘုန်းပြည့်စုံ ကဲကဲ ထိုင်တော့ နောက်ရက်စာကြည့်ခဲ့ နောက်တစ်ခါဆို ပြောပေးတဲ့သူပါ မတ်တပ်ရပ်ပြီး စာသင်ရမယ်နော်"
ဆရာမက ထိုမျှသာပြောပြီး စာဆက်သင်သည်။ ဘုန်းပြည့်စုံကတော့ အသွေးလုပ်ပြသည့် အမူအယာများကို မြင်ယောင်မိရင်း ပြုံးလိုက်သည်။ စာထဲမသင်ရရင်တောင် ဘယ်ဓာတ် ေငွ့က လောင်ကျွမ်းနိုင်တယ်ဆိုတာလောက်တော့ သူသိပါသည်။
မုန့်စားကျောင်းဆင်းချိန်တွင်တော့ အသွေးက မှောက်အိပ်နေသည်။ အတန်းထဲတွင် အတန်းဖော်အနည်းငယ်ရှိနေသည်။ တိုးတက်ဆိုတဲ့ကောင်က ကျောင်းပြန်တက်ရန် နှစ်မိနစ်အလိုခန့်တွင် အသွေးကို နှိုးရန်အတွက် ၀င်လာတော့သည်။