" မနေ့ကအတွက်
ကျေးဇူးတင်ပါတယ်"
မနေ့ကအမက မုန့်စားကျောင်းဆင်းချိန်တွင် အသွေး၏ အင်္ကျီကို ပြန်လာပေးရင်းပြောသည်။
" ရပါတယ်ဗျ"
" အခု မုန့်ဈေးတန်းကို လိုက်ခဲ့ပါလား
ကျေးဇူးတင်လို့ မုန့်၀ယ်ကျွေးချင်လို့"
"ရပါတယ်ဗျ မလိုပါဘူး "
" ဟျောင့်"
ဘုန်းပြည့်စုံက မြင်ရကြားရတာတေက မျက်စိနောက် နားကြားပြင်းကပ်စရာကောင်းလှသည်မို့ အသွေးကို ခေါ်လိုက်သည်။
အသွေးကလည်း သူ့ဘက်သို့ တစ်ကိုယ်လုံးလှည့်လာသည်။
"ဘာပြောမလို့လဲ "
ပြောစရာစကားက ဘုန်းပြည့်စုံတွင် အဆင်သင့်ရှိမနေ။ အသွေး၏နောက်မှ မိန်းကလေးကို ခပ်စူးစူးစိုက်ကြည့်လိုက်တော့ ထိုမိန်းကလေးက မျက်လွှာချသွားကာ အတန်းထဲမှ ထွက်သွားတော့သည်။
" ဘာပြောမလို့လဲ"
" ရော့"
ဘုန်းပြည့်စုံက အသီးဗူးလေးကို ပေးလိုက်သည်။
"ဒီနေ့ရောလား "
" အင်း"
အသွေးက အသီးဗူးလေးကို ဖွင့်လိုက်သည်။
ဒီနေ့ကတော့ နီနီရဲရဲ စတော်ဘယ်ရီသီးများဖြစ်သည်။
" မင်းတို့အိမ်က ပိုက်ဆံရှိတယ်လား"
"ဘာလုပ်မလို့လဲ "
"မေးကြည့်တာလေ အသီးတေက ဒီလောက်ဈေးကြီးနေတာကို "
" ဒါက ဖေဖေ့မိတ်ဆွေတေက လက်ဆောင်ပေးထားတာ"
" မိုက်တာပဲ
မင်းဖေဖေကို သူများကလက်ဆောင်ပေး
မင်းက ယတြာချေဖို့ ငါ့ကိုကျွေး အဆင်ကိုပြေလို့
မင်းရောစားလေ"
"မစားတော့ဘူး "
" စားပါ စီးကရက်ထက် ဒါက အရသာလည်း ပိုရှိတယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်"
" မင်းမကြိုက်တဲ့အသီးရှိလား"
အသွေးက စဉ်းစားဟန်ပြုလိုက်သည်။
"ဒညင်းသီးမကြိုက်ဘူး သိတယ်မလား ဒညင်းသီး ထုပြီး ဆီဆိမ်ပြီးစားတာတို့ ငပိရည်နဲ့တို့ပြီးစားတဲ့ဟာလေ"
"ဒီလို စားတဲ့အသီးအနှံတေကိုပြောတာ "
" မရှိဘူး"
" မင်းကရော"
"ငါက အသီးသိပ်မစားဖြစ်ဘူး "
"ဪ ငါကတော့ တအားကြိုက်တာကို "
" မင်းရော စီးကရက်သောက်ဖူးလား"
"No "
" စမ်းသောက်ကြည့်မလား"
"No "
"ဘာလို့လဲ "
"အနံ့မခံနိုင်ဘူး "
"စမ်းမကြည့်ဘဲ ဘယ်လိုလုပ်သိမလဲ "
" သောက်ဖို့မပြောနဲ့ ငါငယ်ငယ်တုန်းကဆို လေးငယ်စီးကရက်သောက်ထားရင် အနားကို အကပ်မခံတာ"
" ငါ့ဆီကရော အနံ့ရလား"
" အင်း မင်းသောက်ထားရင် အနံ့ရတယ်"
" အဲ့တော့ ငါလည်း မင်းနားကပ်လို့မရဘူးလား"
"အမှန်တိုင်းပြောရမှာလား "
"အင်း "
"စီးကရက်သောက်တဲ့သူတေနားမှာ
မနေချင်ဘူး အသက်ရှူကြပ်လို့ "
အသွေး၏ စကားကြောင့် ဘုန်းပြည့်စုံ စီးကရက်ဖြတ်ရန်စဉ်းစားလိုက်သည်။
"တိုးတက်..
ဒီနေ့ စတော်ဘယ်ရီတဲ့ စားဦး "
အသွေးက သူတို့နားရောက်လာသော တိုးတက်ကို ကျွေးလိုက်သည်။
တိုးတက်ကတော့ မစားပေ။
ဘုန်းပြည့်စုံကို မကြည်သလိုသာ တစ်ချက်ကြည့်ပြီး အရှေ့သို့သာ လှည့်နေသည်။
ဘာဖြစ်တာပါလိမ့်။
စာသင်ချိန်နှစ်ချိန်ပြီးသည်အထိ တိုးတက်က အသွေးကိုလည်း စကားမပြောပေ။
ငါ ဘာလုပ်မိလို့လဲ။
ထမင်းစားကျောင်းဆင်းချိန်တွင်တော့ တိုးတက်က ခါတိုင်းလို ထမင်းအရင်မစားဘဲ ထထွက်သွားသည်။
အသွေးလည်း ကျောင်းပေါက်တွင် ထမင်းဗူးထွက်ယူလိုက်ပြီးပြန်လာခဲ့သည်။
" ဆရာမ အတန်းထဲက ဘုန်းပြည့်စုံက ကျောင်းမှာ ဆေးလိပ်ခိုးသောက်နေတယ်
သူ့အိတ်ထဲမှာလည်း စီးကရက်နဲ့ မီးခြစ်အမြဲပါတယ် ဆရာမ"
ဆရာမ နားနေဆောင်အခန်းရှေ့မှ ဖြတ်သွားမိချိန်တွင် တိုးတက်၏ တိုင်တောနေသံကို ကြားရသည်။
ဘာလို့ တိုင်တာလဲ။
အတန်းဖော်အချင်းချင်းကို။
အသွေးက ဂဲဂဲကို မြန်မြန်ပဲ ထမင်းကျွေးပြီး အတန်းထဲသို့ ပြန်လာခဲ့သည်။
"ငါ့ကို စီးကရက်ဗူးနဲ့ မီးခြစ်ပေး "
" ဘာလုပ်ဖို့လဲ"
"ငါသောက်ကြည့်ချင်လို့
ပေးမှာသာပေးစမ်းပါ "
" ငါက မင်းကို စကားအဖြစ်ပဲပြောတာ
မသောက်ရဘူး"
" အရစ်ရှည်လိုက်တာ ပေးဆိုပေးစမ်းပါ"
အသွေးက သူ့လွယ်အိတ်ထဲမှ စီးကရက်ဗူးနှင့် မီးခြစ်ကိုယူကာ ကျောပိုးအိတ်ထဲထည့်လိုက်သည်။
"ထမင်းစားမယ် "
"ပြန်ပေး "
" ထမင်းစားမယ်လို့"
" ပြန်ပေးပါဆို
မင်း မသောက်ရဘူး"
အသွေးက မသိချင်ယောင်ဆောင်ကာ ထမင်းဗူးကိုသာ ဖြေနေသည်။
"ဟျောင့် ပြန်ပေးလို့
ငါလည်း မသောက်တော့ဘူးမို့
မင်းလည်း မသောက်ရဘူး"
ဘုန်းပြည့်စုံ၏စကားကြောင့် အသွေးက အံ့ဩသလိုလေးကြည့်လာသည်။
"ပြန်ပေး ငါတကယ်မသောက်တော့ဘူး
မင်းနဲ့စီးကရက်နဲ့မလိုက်ဘူး မင်းက အသီးတေပဲစားနေရမှာ"
" မင်းတကယ်ပြောတာနော်"
"အေးလို့ အဲ့ဒါကြောင့် ပြန်ပေး"
"ပြန်မပေးတော့ဘူး ငါယူထားလိုက်တော့မယ် မင်းစကားကို သက်သေပြတယ်လို့ သဘောထားလိုက်တော့ "
ပြောမရတော့၍ ဘုန်းပြည့်စုံ မပြောတော့ဘဲ ထမင်းကိုသာ စားလိုက်သည်။
သူယူလာသော ထမင်းဗူးလေးကတော့ ခုံအောက်တွင်ပင် အရာမယွင်းဘဲ တည်ရှိနေခဲ့သည်။
.
.