❄️06❄️

145 35 17
                                    

" ငါမရှိတုန်း အပြင်တွေလျှောက်မသွားနဲ့နော် "

" အန်းစ်ကို အဖော်ထားခဲ့မှာမို့ စားချင်တာလုပ်ချင်တာရှိရင် သူ့ကိုပြော။ တစ်ခုခုဆိုလည်း ငါ့ဆီစာပို့ခိုင်းလို့ရတယ် "

" အမြန်ဆုံးပြန်ခဲ့မှာမို့ ငါ့ကိုလွမ်းနေရမယ်။ ကြားလား "

နံနက်မိုးလင်းကတည်းက ကြားနေရသော်လည်း ယခုထိ မရပ်တန့်သေးသည့် တော်ဝင်မှာတမ်းများကို နံဘေးတွင်ရပ်၍ နားထောင်နေသည့် အန်းစ်မှာ အလွတ်ပင်ရနေပြီဖြစ်သဖြင့် စိတ်ထဲကသာ မျက်ဆံလှန်မိရသည်။ 'အပြင်လျှောက်မသွားနဲ့' 'အမြန်ဆုံးပြန်ခဲ့မယ်' စသည်တို့ကိုတော့ သူလက်ခံနိုင်သေးသော်လည်း 'ငါ့ကိုလွမ်းနေ' ဟူသည့်စကားအသွားအလာမျိုးကို ထမင်းစားရေသောက်လို အမိန့်ဆန်ဆန် ထုတ်ပြောနေပါသည့် အရှင့်သားကို လက်ခုပ်တီး မချီးကျူးဘဲမနေနိုင်။

တစ်ဆက်တည်းမှာပင် ရာထူးအမှန်အကန်ကျသွားသည့် သူ့အဖြစ်သူလည်း အန်းစ်မှာ သံဝေဂရ ရပြန်သည်။ 'တော်ဝင်အရိပ်ကိုယ်ရံတော်' မှသည် 'ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ဝင်' အဖြစ် ပြောင်းလဲသွားရန်မှာ မျက်စိတစ်မှိတ်သာကြာပေသည်။ တော်သေးသည်မှာ လစာလျော့မသွားခြင်းဖြစ်၏။ မဟုတ်ပါက သူ့အနေဖြင့် အလောင်းအဖြစ် ရေခဲမြစ်ထဲ အမျှောခံရရင်တောင် အသက်စွန့်၍ အလုပ်ထွက်ပစ်မည်ဖြစ်သည်။

" ရွေ့ရွေ့..."

မြေခွေးလေးသည် အီသံလေးပြုကာဖြင့် အရှင့်သားရင်ခွင်ထဲ တိုးဝင်သည်။ ငိုမဲ့မဲ့မျက်နှာလေးက ဝမ်းနည်းနေမှန်းသိသာစေကာ ကြည်လဲ့နေတတ်သော မျက်ဝန်းဝိုင်းလေးများသည် ယခုမူ အနည်းငယ်အုံ့မှိုင်းနေ၏။

" ဝမ်းမနည်းပါနဲ့။ ငါလည်း မင်းနဲ့မခွဲချင်ပါဘူး။ အခုက အတူခေါ်သွားလို့ အဆင်မပြေလို့ "

အရှင့်သားမှာလည်း သူ့ဟာလေးကိုကြည့်ကာ စိတ်မချမ်းသာ။ မနေ့က သူခရီးထွက်ရမည့်အကြောင်း ပြောပြီးသည်နှင့် သူ့ဟာလေးမှာ ရွှင်ရွှင်ပျပျမရှိတော့ဘဲ တစ်ချိန်လုံးလည်း သူ့အနားကမခွာ။ ညအိပ်သည့်အချိန်တွင်ပင် ယခင်နေ့များထက် ပို၍ပူးကပ်လာကာ သူ့ရင်ဘတ်ပေါ် တက်အိပ်သည်။

Prince & his little snow foxWhere stories live. Discover now