4 1 0
                                    

မသိန်းရှင်ဆီပို့ပေးပါ  - အပိုင်း (၂)

#နိုင်ဝင်းဆွေ

၁၉၆၂

နံနက်လင်းစ နှင်းမှုန်များ ဝေနေဆဲ၊ အလင်းနှင့်အမှောင် ရောရှက်နေဆဲတွင် မြို့လုင်ဘူတာသို့ ရထားကြီး ဝင်လာခဲ့လျှင် ကျနော်သည်လည်း လူစီးတွဲဝတခုမှ ရပ်ကာ သူ ထိုင်နေကျ ထိုင်ခုံနေရာကို အမှတ်မထင် ကြည့်လာမိတတ်သည်။

ထိုရက်များကမူ ကျနော်သည်ပင် ကျနော် စိတ်နှလုံးအိမ်၌ ငြိတွယ်လာနေသည့် စွဲလမ်းမှုကလေးကို မမြင်နိုင်။ သူ့ကို တွေ့နေကျနေရာ၌ မတွေ့ရသည့် ရက်များတွင် စိတ်၌ တခုခု ဟာနေ လိုအပ်နေ သလိုသာ ခံစားနေတတ်သည်။ သူသည်လည်း ညောင်ပင်ကြီးအောက် ထိုင်ခုံနံဘေးမှ ထရပ်ကာ ရထားပေါ်၌ ပါလာမည့် ကျနော့်ကို ရှာဖွေကြည့်နေတတ်သည်။ ကျနော့်ကို လှမ်းမြင်ရလျှင် သူ့မျက်နှာမှာ မသိမသာ
ရွှန်းလက်သွားတတ်သည်။

သူသည် ရထားတွဲပေါ် ကုန်စိမ်းတောင်းများကို တင်ပြီးလျှင်လည်း တွဲပေါက်ဝမှ မခွာသေးတဲ့ တောင်းများကို ဟိုရွှေ့သည်ရွှေ့လုပ် အချိန်ဆွဲနေရင်း ကျနော့်ကို ကိုယ်ယောင်ပြနေတတ် ပြန်သည်။ တခါတရံ အခြားတွဲများ၌ စစ်ဆေးရှာဖွေရန် အရေးကြီးသဖြင့် ကျနော်သည် သူစီးလာသည့်တွဲသို့ မသွားဖြစ်ခဲ့။ ထိုအခါများ၌ သူသည် တွဲဝမှ ထွက်ပြူရပ်ကာ ကျနော်ပါလာသည့်တွဲကို လှမ်းကြည့်နေ တတ်သည်။ ကျနော်နှင့် မျက်နှာချင်း ဆိုင်မိကြလျှင် သူသည် ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်ပြန်သည်။

အခြား လုပ်ဆောင်စရာများ အရေးကြီးသည့် နေ့များတွင်ကား ရထားထွက်လာလျှင် ကျနော်သည် သူရပ်နေရာတွဲသို့ ခိုတက်လာတတ်၏။ ကျနော်သည် ရထားခြေနင်းခုံပေါ်တွင်ရပ်ရင်း သူ့ကိုပြုံးပြကာ နှုတ်ဆက်သည်။

သူ့အနား၌ ကျနော်ရပ်နေပြန်လျှင်လည်း သူ့မျက်နှာမှာ ရှက်သလိုလို ဖြစ်နေပြန်သည်။ သူသည် ကျနော့်ကို စေ့စေ့မကြည့်ရဲဘဲ ဆံတောက် ဆံပင်များကို နားရွက်ပေါ်သို့ သပ်တင်ကာ အလုပ်ရှုပ်နေပြန်သည်။

“ကိုရင်မောင်ကြီး မပါဘူးလားလို့ ထိတ်သွားတာဘဲ”

ဟူ၍လည်း ခလေးစိတ်ဖြင့် ပြောနေသည်။

မသိန်းရှင်ဆီ ပို့ပေးပါWhere stories live. Discover now