Prologue

91 13 1
                                    



တိုက်ခန်းတံခါး‌ရှေ့မှာ အတန်ကြာ ခြေစုံရပ်နေပြီးမှ ဂင်မ်ဂျီအွန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သည်တံခါးကိုဖွင့်လိုက်လျှင် သူသည်... အပြာရောင်ပင်လယ်ပြင်တစ်ခုနှင့် ဆုံရတော့မည်။ ရင်မဆိုင်လိုပါ၍ အမြဲတစေရှောင်တိမ်းနေခဲ့သော အပြာရောင်ပင်လယ်တစ်စင်းနှင့် ခလုတ်တိုက်ရတော့မည်။


တိုက်ခန်းတံခါးကို ဖွင့်ရန် ရင်းနှီးကျွမ်းဝင်နေသော နေ့စွဲတစ်ခုကို လျှို့ဝှက်နံပါတ်အဖြစ် ရိုက်နှိပ်လိုက်သည်။ ဂျောက်ခနဲ ပွင့်သွားသည့် တံခါး၏ လက်ကိုင်ကို ညင်သာစွာ တွန်းဖွင့်ရင်း အခန်းအတွင်း ခြေချလိုက်သည့်အခါ ပိန်းပိတ်အောင် မှောင်နေသည့် အခန်းငယ်သည် အရက်နံ့ ဆေးလိပ်နံ့တို့ဖြင့် မွှန်ထူနေ၏။ နံရံပေါ်မှ မီးခလုတ်ကို လက်ဖြင့်လှမ်းစမ်း၍ ဖွင့်လိုက်တော့မှ အရက်ပုလင်းခွံ၊ ဘီယာဘူး ခွံတွေဖြင့် မွစာကြဲနေသည့် ဧည့်ခန်းကို စိတ်မသက်သာစွာ မြင်တွေ့လိုက်ရသည်။ ဧည့်ခန်းထဲတွင် ကုလားထိုင်နှစ်ခုံ၊ စားပွဲတစ်လုံးမှလွဲ၍ ပရိဘောဂ များများစားစားမရှိ။ ပွစာကြဲနေသည့် ပုလင်းခွံများဖြင့် ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲအိပ်နေသူက အမြင်တင့်တယ်ဖွယ်ရာမရှိ။ ဂျီအွန်း နှာသီးဖျားမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။


ရွှေဝါရောင်ဆံနွယ်နုနုတွေကို ဖြီးလိမ်းထားခြင်းအလျဉ်းမရှိသည့်သူက အဖြူရောင် ရှပ်လက်တိုအင်္ကျီကို ရင်ဘတ်ကြယ်သီးနှစ်လုံးဖြုတ်ကာ ဝတ်ထားသည်။ အဖြူရောင်ရှပ်ဟုဆိုသော်လည်း အရောင်ပင်‌သေချာ မပေါ်တော့အောင် ညစ်ထေးနေပြီ။ သူ၏ ဖြူသွယ်သွယ် လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကိုလည်း ညှပ်ထားပြီး လှဲအိပ်လျက်နေရင်းမှ စီးကရက်ကို ဖွာရှိုက်နေသည်။ ဟုတ်ရဲ့.... သူဟာ ဂျီအွန်းရဲ့ အပြာရောင်ပင်လယ်ကလေးပါပဲ။ ဂျီအွန်းကိုယ်တိုင် လိုလိုချင်ချင် နစ်မွန်းခဲ့ရတဲ့ ပင်လယ်ပြာကလေးပါပဲ။ သူ့မျက်နှာအထက်တွင် တလူလူလိပ်တက်လာနေသော ဆေးလိပ်ငွေ့များ၊ သူ့ဘေးမှ ကွဲကျနေသည့် ဆေးလိပ်ပြာခွက်နှင့်အတူ ပြန့်ကြဲနေသည့် ပြာမှုန့်များ၊ အလဲလဲ အကွဲကွဲ ပြိုကျနေသော ဘီယာ ပုလင်းခွံများ။ ဂျီအွန်း ဒုတိယအကြိမ် သက်ပြင်းတစ်ချက် ချလိုက်ရပြန်သည်။

အနှောင်အဖွဲ့Where stories live. Discover now