မျက်လုံးထောင့်တွင် ဖြတ်ခနဲဝင်လာသည့် လူရိပ်တစ်ခုကြောင့် သူ ကားဘရိတ်ကို ခပ်သွက်သွက်ဖမ်းအုပ်ပစ်လိုက်ရသည်။ ငြိမ့်ခနဲဖြစ်သွားသည့် ကား၏ကိုယ်ထည်နှင့်အတူ သူ့ကိုယ်လည်း အရှေ့သို့ ယိုင်ခနဲ။ တော်သေးသည်။ အရှိန်နှင့်မဟုတ်ပဲ ဖြေးဖြေးမှန်မှန်မောင်းလာသည့် ကားဖြစ်နေသည်က သူ့အဖို့ရော၊ တစ်ဖက်လူအတွက်ပါ သက်သာသွားသည် ပြောရမည်။ ဒေါသစိတ်က ထောင်းခနဲထွက်လာသည်မို့… ကားပေါ်မှ ဝုန်းဒိုင်းကျဲ ဆင်းလိုက်ပြီး…“ဟေ့… ကားကို ဘာထင်နေတာလဲ။ မင်းအဖေမဟုတ်ဘူးကွ။ တိုက်ရင် သေတတ်တယ်။”
ခွေလဲကျနေသော နေရာတွင်ပင် မလှုပ်မယှက်ထိုင်နေသူ၏ အပေါ်သို့ လမ်းဘေးမီးတိုင်၏ ဝါကြင့်ကြင့်အလင်းကသာ ခပ်သဲ့သဲ့ဖြာကျနေသည်မို့ လူပုံစံကို သဲကွဲစွာမမြင်ရသေး။ ကိုယ့်အမှားလည်း မဟုတ်ပဲ၊ လမ်းကြားထဲမှ ဇွတ်တရွတ်ပြေးထွက်လာသည့် ထိုသူ၏ အမှားသာဆိုသော်လည်း လဲကျနေသူကိုတော့ မျက်နှာလွှဲခဲပစ်မလုပ်နိုင်သည်မို့ ကူညီပေးရန် အနားသို့တိုးကပ်သွားလိုက်သည်။ စိတ်ပြေလက်ပျောက် ညဘက်ကားမောင်းထွက်လာခဲ့မိပါမှပဲ ထပ်၍စိတ်ရှုပ်စရာနှင့်တိုးတော့သည်။
“ဟေ့…. အဆင်ပြေရဲ့လား”
ဆတ်ခနဲမော့ကြည့်လာသည်က မျက်ဝန်းပြာများ။ ညှို့နိုင်လွန်းလှသည်။ ညှို့နိုင်လွန်းလှပါသည်။
“ရတယ်….”
ပင်လယ်ပြာ မျက်ဝန်းများထဲ ဘယ်လောက်ဝေးဝေးထိ လက်ပစ်ကူးလိုက်မိသည်မသိ။ ထိုသူ၏ အက်ရှရှအသံကလေးကိုကြားပါမှ လက်ရှိအခြေအနေပေါ် အာရုံပြန်လည်သည်။ “ရတယ်” လို့ဖြေလာပေမယ့် အဆင်ပြေတဲ့ပုံအလျဉ်းမရှိ။ ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ထားဆဲမို့….
“ရတာသေချာလို့လားကွာ။ ခြေကျင်းဝတ် နာသွားတာလား”
“ခင်ဗျားကားကြောင့် ဖြစ်တာမဟုတ်ဘူး။ ကျွန်တော့်ဟာကျွန်တော် လန့်ပြီးရှောင်ရင်း လဲကျသွားတာ။ အလျော်လည်းမတောင်းဘူး… ပြဿနာလည်း မရှာဘူးမို့ … ကိုယ့်လမ်းကို လွတ်လွတ်ကင်းကင်း သွားလို့ရပြီ”