1

224 48 12
                                    

*ကလင် ကလင်*

လမ်းကြို လမ်းကြားတွေကနေ ပတ်စီးလာတဲ့ စက်ဘီးလေးက လမ်းမကျယ်ကြီးပေါ်တက်ရန် ဘဲလ်တီးလိုက်ပြီး ပုံမှန်အရှိန်ထက် အနည်းငယ်ပိုမြန်လို့လာသည်။ စက်ဘီးပေါ်တွင် ရှိနေသည့် ကောင်လေးက စက်ဘီးထိုင်ခုံကနေ တင်ပါးကိုကြွလျက် ကုန်းတက်ကို အားစိုက်နင်းနေပြီး သူ့ရဲ့ ဆံပင် ခပ်ညိုညိုလေးတွေကလည်း လေမှာ ထောင်လွင့်လျက်ရှိသည်။ လမ်းမကြီးအတိုင်း ကုန်းတက်ကလေးကို နင်းလာပြီး လူကုန်ထံများ တသီးတသန့်နေသော လမ်းတွေကြားသို့ရောက်လာပြီး သူအလွန်သဘောကျသော အိမ်ကြီးကို ငေးကြည့်လျက် စက်ဘီးကို ဆက်နင်းသည်။ အဖြူဖွေးဖွေးအုတ်တံတိုင်းတွေနှင့် ခြံစည်းရိုးခတ်ထားပြီး အတွင်းမှာလည်း ထုထည်ကြီးမားသော အဖြူရောင်တိုက်အိမ်ကြီးရှိသည်။
ရပ်ကွက်ထဲကလူတွေပြောစကားအရတော့ ဒီအိမ်ထဲမှာ ပန်းခြံလိုနေရာမျိုးနဲ့ ရေကူးကန်ပင်ရှိသေးသည်ဟု ဆိုသည်။ ကောင်လေးက လည်ပင်းကို ဆန့်ထုတ်လျက် အိမ်ထဲကို မြင်နိုင်သမျှ မြင်အောင် ငေးနေရင်း သတိမပြုမိလိုက်ဘဲ ထိုခြံထဲက ထွက်လာသော ကားတစ်စီးနှင့် တိုးမိမလိုဖြစ်ပြီး စက်ဘီးလဲသွားသည်။

"အား...နာလိုက်တာ"

လက်မှာပွန်းသွားတဲ့နေရာကို ရှပ်အင်္ကျီအနားစနဲ့ ခါထုတ်လိုက်ပြီး လဲသွားတဲ့ သူ့စက်ဘီးလေးကို ဆွဲထောင်လိုက်သည်။ ကားနှင့်တိုက်မိတာမဟုတ်ဘဲ ကားက ရုတ်တရက်ထွက်လာလို့ သူလန့်ပြီး စက်ဘီးလဲသွားတာသာဖြစ်သည်။ ဒီလိုအကောင်းစားကားကို ဝင်သာတိုက်မိရင်တော့ သူ့တစ်ဘဝလုံး အလုပ်လုပ်ပြီးဆပ်ရင်တောင် ကားဖိုးကျေမည်မထင်ပါ။

"ချာတိတ်လေး ဘာဖြစ်သွားသေးလဲ"

ကားပေါ်က ဆင်းလာတဲ့ လူက ကောင်လေးအနားကိုရောက်လာပြီး ဂရုတစိုက်လာမေးသည်။ ချမ်းသာသည့်လူတွေဆိုတော့ အထက်စီးဆန်မည်ထင်ခဲ့သော်လည်း ထိုလူရဲ့လေသံက ပျော့ပြောင်းပြီး ဂရုတစိုက် မေးလာသည့်ပုံစံမျိုးဖြစ်သည်။ ကောင်လေးက မရဲတရဲနဲ့ ထိုလူကို အကဲခတ်ကြည့်တော့ ဖြူဖွေးသည့်အသားအရေ၊ မင်းသားများပင် အရှုံးပေးရလောက်သည့် ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့်အတူ နက်မှောင်သည့် ဆံပင်များကလည်းသပ်ရပ်စွာရှိလို့နေသည်။ တပ်ထားသည့် နေကာမျက်မှန်ကို ဆွဲချွတ်လိုက်တော့ စူးစူးရှရှရှိနေသည့် ထိုမျက်လုံးတွေက
ကြင်နာတတ်သည့်ပုံလည်းပေါ်သည်။ နဖူးပေါ်ဝဲကျနေသည့် ဆံစလေးတွေကိုက ဒီလူကို ဆွဲဆောင်မှုရှိစေတာဖြစ်သည်။

UNCONDITIONALWhere stories live. Discover now