တောင်ကုန်းမြင့်ပေါ်ကနေ လိမ့်ဆင်းလာတဲ့ ရွှင်ပျပျ ရယ်သံကလေး ဆောင်းဟွန်းနားထဲ လေထုကိုဖြတ်ရင်းဝင်ရောက်လာပုံက ဂီတနုတ်ကလေးများပမာ။
" ဆောင်းဟွန်း !!! ဒီမှာကြည့်ပါဉီး မလှဘူးလား။"
" အင်းလှတယ်။အလှဆုံးပဲ။"
အပြာရောင်လွင်လွင် ကောင်းကင်ကို နောက်ခံထားရင်း အဖြူရောင်တိမ်စိုင်ကလေးများက ဟိုတစ်စုသည်တစ်စုနဲ့ တောက်တောက်ပပကလေး ပြုံးရယ်နေတဲ့ ကင်ဆောနူက ဆောင်းဟွန်းအမြင်မှာ တိမ်ဆိုင်များကြားကနေ တိုးထွက်လာတဲ့ နေရောင်ခြည်လေးလို ခံစားချက်မျိုးပေး
နေသည်။လေယူရာမှာ ယိမ်းနွဲ့လှုပ်ရှားနေပါတဲ့ ရိုးတံစိမ်းစိမ်း ပန်းပွင့်ဝါဝါတွေထက် မဲနက်နက်ဆံနွယ်ကလေးများက ပိုလို့ပင် လှနေသည်။
ချစ်မိသွားတဲ့အခါ အရာအားလုံး တလက်လက်တောက်ပလာတယ်တဲ့ ဒါဆိုဆောင်းဟွန်းတစ်ယောက် ကင်ဆောနူကို ချစ်မိနေတာ အတော်ကြာပြီပင်။
သူသိထားမိချိန်တွင် ရှိရှိသမျှအရာအားလုံးက လဲ့လက်တောက်ပလာပြီး ဆောနူအပေါ် နစ်ဝင်မိရက်သားဖြစ်နေသည်။
" ဆောနူ အဆောင်ကိုပြန်ကြတော့မလား။"
" ဆောင်းဟွန်း ဟင့်အင်း ထပ်ပြီးခဏလောက် တစ်ပုံပဲဆွဲမယ်။"
ဆောင်းဟွန်အရည်ပျော်သွားရတာ ဒီအကြည့်တွေကြောင့်ဖြစ်လောက်မလား။
သူခပ်ဖွဖွကလေးရယ်လိုက်ရင်း ခေါင်းငြိမ့်လို့ခွင့်ပြုရတော့သည်။
ပြီးပြည့်စုံတဲ့ သူငယ်ချင်းခေါင်းစဉ်အောက်မှာ သူ့ရဲ့ပန်းနုရောင် ခံစားချက်တွေကို သိမ်းထုပ်ထားရတာ တကယ်တော့ အရမ်းခက်သည်။
ဘေးလူတွေကြည့်ရင်တောင် ယိုဖိတ်လျှံကျနေပါသည့် သူ့အချစ်များကို ကင်ဆောနူတစ်ယောက်ကတော့ မမြင်နိုင်။
ဟုတ်သည်။ဆောင်းဟွန်း၏ အချစ်ဦးလေးမှာ တုံးအသည့်လူရိုးသားလေးပင်။
ဒါကြောင့်လည်း ဆောင်းဟွန်းတို့နှစ်ယောက် အချိန်တွေအကြာကြီး သူငယ်ချင်းပိတ်ကားထက်က ဆေးစက်ကလေးများပမာ ကခုန်နေနိုင်ခြင်းဖြစ်လောက်မည်။