တိမ်စိုင်တိမ်လိပ်ကလေးများက ဆောင်းဟွန်းရဲ့ နေရောင်လေးကိုပဲ ဖုံးလွှမ်းပစ်လိုက်သလား ဒါမှမဟုတ် နေရောင်လေး ကိုယ်တိုင်ကပဲ တိမ်လိပ်ကလေးများကြား တိုးဝင် ပုံးကွယ်ချင်နေသလား မသိ နေရောင်ပျောက်တဲ့နေရက်တွေလို ဆောင်းဟွန်း ရပ်ဝန်းကလေးမှာ အမှောင်ဖုံးနေသည်။
" ဆောနူ။"
မော့ကြည့်လာတော့ ဆောင်းဟွန်း ဖမ်းမိလိုက်တာ မြူထူနေတဲ့ လမ်းတွေလိုမျိုး မျက်ဝန်းညိုတွေ။
" အန်တီဖုန်းဆက်တယ် မင်းမကိုင်လို့တဲ့။"
" အင်း မကိုင်ချင်လို့။"
လကုန်တိုင်း ဖုန်းထဲရောက်လာတတ်တဲ့ ငွေပမာဏတွေက ဆောနူရဲ့ စိတ်ကို အကောင်းတိုင်းပြန်မဖြစ်နိုင်တော့ပါ။
ညဘက်အိပ်မပျော်ခြင်းနဲ့အတူ စိုးရိမ်ပူပန်မှုတွေက ဆောနူကို တတိတိနဲ့ဖြည်းဖြည်းချင်းလှိုက်စားနေသည်။
" ဆောနူ ညစာစားတော့မလား။"
" ဟင့်အင်း ငါဗိုက်မဆာလို့။"
တက်ကြွလှုပ်ရှားမှုကင်းမဲ့နေတဲ့ မျက်ဝန်းသေတွေက ဆောင်းဟွန်းကိုလည်း နာကျင်စေသည်။သူ့ကိုယ်ပိုင် ရာသီဥတုကလေး မှုန်မှိုင်းနေချိန်မှာ သူကိုယ်တိုင်တက်ကြွဖို့ရာလည်း မစွမ်းသာတော့ပါ။
" မင်းသိလား လတိုင်းဖုန်းထဲဝင်လာတဲ့ ပိုက်ဆံတွေကိုမြင်ရတိုင်း ငါအန်ထွက်တော့မလိုပဲ။ငါညဘက်တွေ အိပ်လို့လည်းမပျော်ဘူး ငါအိပ်ချင်တာတောင် အိပ်မပျော်ဘူးလို့။"
တဆတ်ဆတ်တုန်ယင်နေပါတဲ့ လက်ကလေးတွေကို ဆောင်းဟွန်း ဆုပ်ကိုင်လိုက်ရင်း တာကျိုးသလိုကျဆင်းလာတဲ့ မျက်ရည်တွေကို လွတ်လပ်စွာ စီးဆင်းစေလိုက်သည်။
ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတဲ့ နောက်ပိုင်းမှာ ဆောနူက တိတ်ဆိတ်လာသည်။ဆောင်းဟွန်း ပဲစိတ်ထင်၍လားမသိ ဆောနူက သူ့ကိုရှောင်နေသည်ဟုလည်းခံစားရသည်။
" ပြီးတော့ ငါဖတ်လိုက်မိတယ် ဆောင်းဟွန်းနား မင်းကပါ မင်းကပါ ဒီလိုလုပ်လို့မဖြစ်ဘူးလေ။"
နေရာ ပျက်ယွင်းနေတဲ့ အပြာရောင်စာအုပ်ကလေးက ဆောနူ စကားကို လွယ်လွယ်ကူကူနဲ့ နားလည်စေသည်။