"အမက ပန်းကြိုက်သလားဟင်"
ကောင်မလေးက အရိုးခံပုံလေးနှင့် မေးသည်။ သူမ ပြုံးလိုက်မိ၏။
သူ့လက်ထဲမယ်လဲ စံပယ်ပန်းတကုံးနှင့်။ချည်မျှင်လေးတချောင်းပေါ် အပွင့်လေး ၅ ပွင့်လောက် ကျို့တို့ကျဲတဲ တွဲလွဲခိုနေကြရှာသည်။ပန်းရော ပန်းရှင်ရောရဲ့ မျက်နှာသည် ပူပြင်းသောနေကြောင့် နွမ်းတဲ့လုလု...။နဖူးကစီးလာသော ချွေးလေးတစကိုပင် လက်ဖြင့်ပွတ်လိုက်ကာ ထမီစနားမှာသုတ်လိုက်သေးသည်။နေပြင်းစပြုလာသော နံနက်ခင်းတွင် ဉဩငှက်လေးများ၏ အစာရှာသံလေးများ ကျီးကန်းမဲတူလေးများ၏ အ.... အာသံလေးများ ဆူညံနေလေသည်။တချက် တချက်လေတိုး၍ အပင်ကြီးများဆီက ရှဲကနဲ အသံကြားရတတ်သည်။
သူမက ကရုဏာသက်စွာ တယုတယပြုံးပြလိုက်ရင်း....
"အင်းပေါ့ ပန်းတိုင်းတော့မဟုတ်ပါဘူး သနပ်ခါးပန်းနဲ့ စံပယ်ပန်းဘဲကြိုက်တာ.."
နွမ်းလုလုမျက်နှာသည် ချွေးစချွေးနများကြားကပင် လက်ကနဲဝင်းပသွားသည်။
"သိနေတယ်လေ အဲ့ကြောင့် စံပယ်တကုံး အမပန်ဖို့ ဖယ်ထားတာ ဟဲ ဟဲ"
"ဖယ်ထားတော့ မရောင်းရဘူးပေါ့ ဒီလိုမလုပ်နဲ့လေကွယ် ပန်းတွေလဲ စေ◌ျးကြီးလာတာ.."
"တကုံးမှ ၂၀၀ တည်းပါ အမရယ် ဘာလို့လဲ ၂၀၀ တန်မို့လို့ မပန်ချင်လို့လား ယုက တကုံးတည်းဖယ်ထားရလို့တောင် စိတ်မကောင်းဖြစ်နေတာ."
မှောင်ကုပ်သွားသောမျက်နှာကြောင့် ညစ်ထပ်ထပ်ဖြစ်နေသော အဝတ်အစားနှင့်ဟပ်သော တကယ့်ကို လမ်းဘေးပန်းသည်ဂျစ်တူးရုပ်က မဖုံးနိုင်မဖိနိုင်ပေါ်လာသည်။သူမက ဂရုမစိုက်သလို နှာတံလေးရှုံ့ပြလိုက်ပြီး စာအုပ်တွေကို သိမ်းဆည်းနေလိုက်သည်။
အတန်းတချိန်ဆင်းပြီမို့ ခပ်လှမ်းလှမ်းက ဘတ်စ်ကားတွေ ကားတွေနား ကွမ်းယာ ဆေးလိပ်၊ ရေသန့်၊ ပန်း ရောင်းချနေကြသော စေ◌ျးသည်ကလေးငယ်များထဲက ၈ နှစ်အရွယ် ဖြူနုက သူ့အမရှိရာဆီ လှမ်းလှမ်းကြည့်နေ၏။ဆရာမနား ဘာသွားကပ်စားနေပါလိမ့်ဆိုသည့် စူးစမ်းသည့်အကြည့်။ပန်းရောင်းရင်း သူ မစားလိုက်ရမှာစိုး၍ နောက်ကြောင်းမအေးသော အကြည့်ကလေးနှင့်။