Chapter 5
ချန်ယွီကျင်း သည် အပြင်ဘက်တွင် ကောင်းကင်ကြီး တောက်ပလာသည်အထိ အချိန်အတော်ကြာအောင် အိပ်ရာထဲမှာနေခဲ့သည်။ ခုတင်ကန့်လန့်ကာအပြင်ဘက်၌ လူများ လှည့်ပတ်သွားလာနေသောအသံတို့ကို ကြားနေရသည်။
သူမသည် အိပ်မက်အကြောင်း တစ်ပိုင်းတစ်စနှင့် သူမ၏ လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်ကာ အများကြီး တွေးတောနေခဲ့သည်။
အိပ်မက်ပြီးသွားသောအခါ၌ ဟင်းလင်းပြင်ထဲတွင်
'အမြွှာညီအစ်မ၏ကံကြမ္မာ : ကြီးမြတ်သောအမတ်မင်း၏ ချစ်မြတ်နိုးဖွယ်ဇနီး – ပြီးပါပြီ' ဟူသော စကားလုံးကို ချန်ယွီကျင်း ယောင်ဝါးဝါး မြင်လိုက်ရသည်။ အချိန်အတော်ကြာအောင် အတွေးထဲ မျောနေပြီး နောက်ဆုံးတွင် သူမတစ်ယောက်တည်း ရယ်မောလိုက်သည်။
လူသားတိုင်းသည် ဇာတ်ဆရာအလိုကျ 'က' နေရသော ဇာတ်ကောင်များဖြစ်သည်ကိုမသိပဲ တခြားသူများက သူမဘဝကို သားပုပ်လေလွင့်ထိပါးချင်ကြသည်။
အခြားသူ၏ဇာတ်လမ်းတွင် သူမသည် အရေခြုံအစ်မ တစ်ဖြစ်လည်း ရက်စက်ကြမ်းကြုတ်သော ဇနီးဟောင်းတစ်ဦးဖြစ်ကြောင်း တွေ့ကြရလိမ့်မည်။
ဟော်ချန်ယွမ် နှင့် ချန်ယွီမော့တို့ကြားတွင် သူမသည် ပဲလှော်ကြားညှပ်သည့်ဆားပွင့်လေးဖြစ်ခဲ့သော်လည်း ချန်ယွီကျင်း ကိုယ်တိုင်မှာ သူမ ဟော်ချန်ယွမ် ကို အမှန်တကယ်ကယ်တင်ခဲ့သည်ဟု ခံစားရသည်။
လိုဏ်ဂူထဲမှာ ဟော်ချန်ယွမ် ကို သူမ တွေ့တုန်းက ပတ်ပတ်လည်မှာ တခြားမည်သူမျှရှိမနေခဲ့ပါ။ ဟော်ချန်ယွမ် ရဲ့ အဝတ်အစားတွေက သပ်သပ်ရပ်ရပ် နေရာတကျဖြစ်နေပြီး ဟော်ချန်ယွမ် ထိုနေရာတွင် လဲကျနေသည်ကို ပထမဆုံးတွေ့ခဲ့တာသူမဖြစ်တယ်လို့ပဲ ချန်ယွီကျင်း တွေးခဲ့သည်။
မကြာသေးခင်က တစ်စုံတစ်ယောက်နှင့် ဟော်ချန်ယွမ် တို့ တစ်ညတာကုန်ဆုံးခဲ့ပြီး အသားချင်းထိတွေ့ရင်းနှီးမှု ရှိခဲ့ကြောင်း သူမ ဘယ်လိုလုပ်သိမည်နည်း။
သူမသည် ဟော်ချန်ယွမ် ၏အသက်ကို ကယ်တင်ခဲ့ခြင်းကြောင့် ကြင်ရာတော် ရာထူးချီးမြှောက်ကာ ကျေးဇူးကို ပြန်လည်ပေးဆပ်ခဲ့သည်မှာ လုံးဝကျိုးကြောင်းဆီလျော်ပါသည်။ သူမသည် ပြီးပြည့်စုံသောဇနီးဖြစ်မည်ဟု ယုံကြည်ခဲ့သည်။ အိမ်ထောင်ကျပြီးနောက် ယောက္ခမကို ရိုသေခြင်း၊ အိမ်မှုကိစ္စ စီမံခန့်ခွဲခြင်း၊ ခင်ပွန်းကို ထောက်ပံ့ခြင်း၊ သားသမီးများကို ပြုစုပျိုးထောင်ခြင်းစသော အိမ်ထောင်ရှင်မတစ်ယောက်၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ ပြီးပြည့်စုံသော အမတ်မင်း ၏ ငယ်ရွယ်လှပသောကြင်ရာတော် မှ သူမသည် ပြီးပြည့်စုံသော အမတ်မင်းကတော် အဖြစ်သို့ ရောက်ရှိလာလိမ့်မည်။
မူလအစမှာပင် ချန်ယွီကျင်းဟာ မွေးဖွားပြီးသည်နှင့် တစ်ပါးသူထံသို့ ပေးအပ်ခြင်းခံခဲ့ရသည်။ အခြားသူများသည် သူမတွင် အမိနှစ်ယောက်ရှိခြင်းကို မနာလိုဖြစ်ကြသည်။ သူမ၏မွေးမိခင်မှာ နူးညံ့သိမ်မွေ့ပြီး မွေးစားမိခင်ဟာ မြင့်မြတ်ကာ တော်ဝင်ဘွဲ့ထူးဂုဏ်ထူးရှိသည်။ ချင်းဖူကျန်းကျို့ က ချန်ယွီကျင်းကို သမီးတော်အဖြစ်မွေးစားလိုက်သောအခါ သူမသည် ငွေသိုက်မှ ရွှေအသိုက်သို့ ပြောင်းရွှေ့ခံရသောငှက်ကလေးဖြစ်လာခဲ့ပါသည်။ အဆုံးမရှိသော ကြွယ်ဝမှုနှင့် အဆုံးမရှိကောင်းချီးများသည် သူမအတွက်ဖြစ်လာခဲ့သည်။
သည့်တိုင်အောင် ရှုအန်းရှီက သူမကို ချစ်မြတ်နိုးနေ သေးသော်လည်း ကိုယ်တိုင် ပြုစုပျိုးထောင်ရသော ဒုတိယသမီးကို ပိုချစ်ပါလိမ့်မည်။
တစ်ဖက်တွင် ချင်းဖူကျန်းကျို့မှာ အလွန်ကြွယ်ဝချမ်းသာ သော်လည်း ထိုရွှေငွေစည်းစိမ် များကို ချန်ယွီကျင်းအတွက် အသုံးမချခဲ့ပါ။ ပြင်ပ လူများသည် ချန်ယွီကျင်း ၏ကံကြမ္မာကို မနာလိုကြသော်လည်း တကယ်တမ်းတွင် သူမမှာ ဘာမှမရှိဘူးဆိုတာကို သူမကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
ဆိုရပါလျှင် သူ့တွင် အမိအဖအရင်းမရှိ၊ ကုန်ကုန်ပြောရရင် ခန်းဝင်ပစ္စည်းတောင်ကိုယ်ပိုင် မရှိပါ။
သူမဟာ လှပတဲ့ အလှဆင်မှုတစ်ခုသက်သက်။ သူမ၏ တစ်ခုတည်းသောပိုင်ဆိုင်မှုမှာ သူမ၏ဂုဏ်သတင်းဖြစ်ပြီး ဟော်ချန်ယွမ် နှင့် လက်ထပ်ခြင်းက သူမ လုပ်နိုင်သော အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ခဲ့သည်။ ဒါကြောင့်ပင် ထိုသူနဲ့လက်ထပ်ပြီး ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ခဲ့သည်။
မနေ့က ချန်ယွီမော့ ဟာ ယဉ်ကျေးပျူငှာမှုမရှိဘဲ သူမအခန်းထဲ ရုတ်တရက် ပြေးဝင်လာတာကို သူမ မှတ်မိသည်။ ချန်ယွီကျင်း က ပုံမှန် အပြစ်အနာအဆာကင်းတဲ့ အပြုံးနဲ့ မေးခဲ့သည်။
"ဒုတိယညီမ၊ ဘာဖြစ်လာတာလဲ"
ချန်ယွီမော့ က ဘာအကြောင်းအရာ ထွေထွေထူးထူးမှ မရှိပဲ အော်ငေါက်ခဲ့သည်။
"အစ်မတော် နင်လုပ်လိုက်ရတာ ပျော်နေလား!"
ဘာ? ထိုအချိန်တွင် ချန်ယွီကျင်း စိတ်ရှုပ်သွား၏။ ချန်ယွီမော့ ဘာကိုဆိုလိုမှန်း သူမ နားမလည်။
သို့ပေမယ့် နောက်ဆုံးတွင် ချန်ယွီမော့က "ဒါတွေ အားလုံးက နင့်အတွက် မဟုတ်ဘူးနော်!" ဟုအော်ဟစ်ပြောကာ ပြေးထွက်သွားခဲ့သည်။
မနေ့ကအထိ ချန်ယွီကျင်း အမှန်တရားကို မသိသေး။ သူမသည် အိမ်ထောင်ပြုခြင်း၏ ပျော်ရွှင်မှုတွင် နစ်မြုပ်နေသောကြောင့် ညီမဖြစ်သူ၏စကား အဓိပ္ပာယ်ကို ဘာမှမတွေးမိပါ။ သူမက ခေါင်းခါပြီး ရယ်မောရုံသာလုပ်ခဲ့သည်။