မိုးတဖောက်ဖောက်ကျသံက အရင်လောက်
လွမ်းစရာမကောင်းတော့ဘူး။
ဘာကို ကြေကွဲရမလဲ...
ဘာကို နာကျည်းရမလဲ....
ဘာကို လက်ဆုပ်လက်ကိုင်ပြုရမလဲ...
ကျွန်တော့်လက်မှာ ဗလာနတ္ထိ။
တမ်းတခြင်း လွမ်းဆွတ်ခြင်းဖော်ညွှန်းတဲ့
စိတ္တဇနာမ်တွေဟာလည်း
သိပ်သတိရတဲ့အခါ ပေါ့ဟာဟာပါပဲ သူ့အနက်က။
စီးကရက်မသောက်တတ်တာလည်း အခက်သားဗျ
အထာကျကျ လွမ်းလို့မရဘူးပေါ့
ဪ...မေ့လို့... သူက စီးကရက်ဆို အနံ့တောင်မခံနိုင်ဘူးပဲ။
ကိုးကွယ်မှုနဲ့ သက်ဝင်ယုံကြည်မှု
ဘာကွာခြားသလဲ ကျွန်တော် မစဉ်းစားတတ်ပါဘူး
အားရင်အားသလိုတော့ တိုင်တည်နေမိတာပါပဲ...
(ခင်ဗျားကိုလေ)။
အသားကျသွားမှာပါတဲ့
ကျွန်တော်ဟာ ကျက်နေတဲ့အနာဖေးကို အပ်နဲ့သွားသွားဆွသလို
သိပ်များရူးမိုက်မိနေသလား။
ဪ... အဖြေပြန်မရတဲ့ မေးခွန်းတွေ မေးနေမိပြန်ပါရော ငါ့နှယ်။
ပြန်များဆုံဖြစ်ခဲ့ရင်
မြတ်နိုးမှုအကြောင်း သင်ပေးဖြစ်ခဲ့တဲ့အပေါ်
ကျေးဇူးတင်ကြောင်းတွေ ပြောပြပါဦးမယ်....
သက်တံ့ကြီးနောက်ခံထားရင်းလေ။
လူမသေသ၍ မျှော်လင့်ချက်ကလည်းရှင်နေသလို
နှလုံးခုန်သ၍လည်း ခင်ဗျားကိုချစ်လို့ရနေသားပဲ။
မြတ်နိုးတန်ဖိုးနဲ့ နှိုင်းယှဉ်ခံရတဲ့အခါ
အရာရာဟာ တန်ဖိုးမဲ့ပါတယ်။
တစ်နေ့.....
မလုပ်ဖြစ်လိုက်တဲ့ ဆန္ဒသေးသေးလေးတွေ
အကောင်အထည်ဖော်နိုင်တဲ့တစ်နေ့ဟာ...
ရှင်သန်ခြင်းဟာ သိပ်မခက်ခဲကြောင်း
လက်ခမောင်းခတ်သံတွေ မြည်ဟည်းမဲ့ နေ့ပဲပေါ့...
------------
28.Oct.2024