လူတို့သည် ကြေးညှိခြင်းကို ပျော်မွေ့ကြသည်။ ထိုအထဲမှ အဆိုးဆုံးက အိမ်ထောင်ဖက်များ အချင်းချင်းကြေးညှိခြင်းပင် ဖြစ်ပေသည်။
အရပ်ထဲမှ ကြေးညှိခြင်း၏ အဓိပ္ပာယ်ကား သူသာကိုယ်သာငြင်းခုံခြင်းဖြစ်သည်ဟု ဆိုကြလေသည်။
ကျွန်တော်ကြုံခဲ့ဖူးသော ကြေးညှိခြင်းများထဲတွင် အိမ်ထောင်ဖက်ချင်းကြေးညှိခြင်းက အနည်းငယ်မျှအဓိပ္ပာယ်ကွဲလွဲနေချေသည်။
ကျွန်တော့်အတွေ့အကြုံအရ အိမ်ထောင်ဖက်ချင်းကြေးညှိခြင်း ဟူသည်ကား အိမ်ထောင်ဖက်အချင်းချင်း တူညီသောဝန်ကိုအသီးသီးထမ်းထားရကြသော်လည်း သူထမ်းသောဝန်က ပိုပင်ပန်းသည် ၊ ငါထမ်းသောဝန်က ပိုပင်ပန်းသည်ဟု ပြိုင်ဆိုင်ငြင်းခုံကြခြင်း ဖြစ်ပေသည်။
ဦးတည်ရာချင်းတူညီပါလျက် တစ်ဦးနှင့်တစ်ဦးရိုင်းပင်းရမည့်အစား မိမိတို့မည်မျှပင်ပန်းရသည့်အကြောင်းကို ငြင်းခုံဂုဏ်ဖော်နေကြလေသည်။
အကျောမခံနိုင်ကြသော အိမ်ထောင်ဖက်များကြားတွင်တော့ ပြတ်ဆဲကြသည်အထိ ဖြစ်ခဲ့ပုံကို ကျွန်တော်တွေ့မြင်ခဲ့ဖူးသည်။
ချစ်ခြင်းမှသည်စခဲ့သော အိမ်ထောင်ရေးသည် ထိုကြေးညှိခြင်းမမည်သော ကြေးညှိခြင်းအောက်တွင် ပြားပြားဝပ် ယိုယွင်းကြလေသည်။
ဆက်လက်တည်မြဲနေကြသော အိမ်ထောင်ရေးများတွင်တော့ တစ်ဦးနှင့်တစ်ဦး မကြည်ဖြူမှုများ ၊ အဖုအထစ်များ တစ်ပုံတစ်ပင်နှင့် ရှေ့ဆက်ကြလေသည်။
လူနှစ်ယောက်ကြားတွင် ကြည်ဖြူမှုသည် ချစ်ခြင်းမေတ္တာမှ ဖြစ်တည်အရင်းခံသည်။ မေတ္တာယုတ်လျော့သွားလျှင် ကြည်ဖြူခြင်းမရှိတော့ချေ။ ကြည်ဖြူခြင်းမရှိပါက စေတနာသည်လည်း တည်မြဲတော့မည်မဟုတ် ။
ထိုအခါ မိမိလက်တွဲဖော်အပေါ် မကောင်းမြင်စိတ်များက ကြီးစိုးဖြန့်ကျဲလာမည်ဖြစ်သည်။ ထိုမှစ၍ အိမ်ထောင်ရေးမသာယာမှုများ အစချီသည်ဟု ထင်မြင်မိပါသည်။
စင်စစ်အားဖြင့် လူတိုင်းတွင် တစ်နိုင်တစ်ပိုင်အားဖြင့် သယ်ပိုးထားသော ဝန်များရှိကြလေသည်။ အိမ်ထောင်ရေးတွင် ဇနီးမယားတစ်ယောက်ထမ်းထားရသောဝန်များသည် သူမအတွက်တော့ အမှန်တကယ် လေးပင်လွန်းလှသည်။ တာဝန်ကြီးသည် ။ ပင်ပန်းသည် ။
ထိုနည်းတူစွာ အိမ်ထောင်ဦးစီးတစ်ယောက်ထမ်းထားရသော အိမ်ထောင့်တာဝန် ၊ စားဝတ်နေရေး စသည့်ဝန်များသည် သူ့အတွက်တော့ လေးသည်။ ပစ်ချချင်လောက်အောင်လေးသည် ။ ဇနီးဖြစ်သူထက် မလျော့သောပင်ပန်းခြင်းများနှင့် ပင်ပန်းသည်။
ကျောင်းသားတစ်ယောက်အတွက် သင်ကြားရေးလုပ်ငန်းစဉ်အတွင်း ထမ်းထားရသော တာဝန် ၊ ဝတ္တရားများသည် သူ့အထိုက်အလျောက်လေးသည် ။ ကာယံကရှင်များအတွက်တော့ လက်လျော့ပြီးထွက်ပြေးချင်လောက်အောင် ပင်ပန်းလွန်းသည် ။ 'ရောက်တော့မှာပါ ခဏလောက်ဆက်ပြီးတောင့်ခံထားရုံပဲ' ဟူ၍ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း ရှေ့ဆက်လျှောက်ကြသည်။
လေး၊ ငါးနှစ်အရွယ် ကလေးငယ်လေးများက မူကြိုမှပြန်ရောက်သောအခါ ' မေမေရယ် ပင်ပန်းလိုက်တာ' ဟုပြောလျှင် လူကြီးအများစုက နှာခေါင်းရှုံ့ပြီး သရော်ကြသည်။ တချိူ့ကမူ ' ငါတို့လုပ်နေရတာတွေလောက်တော့ နင်တို့မမှီသေးပါဘူး' လို့ပြန်ပြောလေ့ရှိကြသည်။
ဒါဟာ မှားယွင်းသော ခံယူချက်ဖြစ်သည်ဟု ကျွန်တော်ထင်မြင်မိသည်။ လူကြီးများ ထမ်းထားရသော တာဝန်တနင့်တပိုးဟာ မည်မျှပင်ပန်းကြောင်း ကျွန်တော်နားလည်သည်။ သို့သော်ကလေးများအတွက်လည်း သူ့အရွယ်နှင့်သူ ထမ်းထားရသောဝန်သည် သူတို့အတွက်တော့ အင်မတန်မှ လေးပင်ပြီး တာဝန်ကြီးသည်။ ပင်ပန်းသည်မှာ ပလီ၍ပြောခြင်းမဟုတ် ။
ထိုသို့ကြေးညှိခြင်းများက ကျွန်တော်တို့လူနေမှုဘဝတွင် ကြုံနေကျကိစ္စများဖြစ်နေ၍ အဆန်းမဟုတ်တော့။
သို့သော် အိမ်ထောင်ရေးတွင်တော့ ထိုသို့ကိစ္စမျိုးက လူတစ်ယောက်ကို သေစေနိုင်သော ဆိုင်ရာနိုက်ဓာတ်ငွေ့ကဲ့သို့ ပျက်စီးခြင်းနိမိတ်ကိုသာဆောင်တော့၏။
ချစ်ရတဲ့ကလေးလေးများ ပင်ပန်းတိုင်း ညည်းညူအနားယူနိုင်မယ့် ခိုလှုံရာရင်ခွင်တွေကို အတူမျှဝေကြရင်း ...။
သက်ရှိဖြစ်တည်မှုတိုင်း ချစ်ခြင်းမေတ္တာများနှင့် ထုံးသင်းကြစေဖို့ တောင့်တဆုပန်ရင်း ...။
ချစ်တဲ့မိုင်။