Unicode
"ဇော်မင်းထွန်းရေ.."
"ထွန်းထွန်း"
"သားလေးရေ.."
"သားလေး"
ပင်လယ်လေသံနှင့်အတူ အော်ခေါ်နေသံများသည် နားထဲစိမ့်ဝင်လာပြီး အိပ်မောကျနေရာက လှုပ်ခတ်နှိုးခြင်းကိုခံလိုက်ရတော့သည်။ သူကလူတစ်ယောက်၏ လက်မောင်းကိုခေါင်းအုံးကာ အိပ်နေခဲ့ခြင်းဖြစ်ပြီး ထိုလူမှာ ခန့်ထည်ဖြစ်နေသည်။
သူတို့ထပ်ပြီး အတူတူအိပ်ပျော်သွားတာဖြစ်မည်။ တစ်လအတွင်းအတော်လေးရင်းနှီးလာခဲ့ပြီး ညနေဘက်တွေ ကမ်းခြေဘက်ထွက်ထိုင်ကာ စကားစမြည်ပြောကြသည်မှာ နေ့စဉ်အလုပ်လိုဖြစ်နေခဲ့သည်။
မနေ့ညကလည်း အတူတူစကားထိုင်ပြောနေရင်း ညဥ့်နက်သွားခဲ့ပြီးနောက် ရှင်းသန့်မမှတ်မိတော့ပါပေ။ သူတို့အတူတူလှဲကာ ကောင်းကင်ကြီးကိုကြည့်နေရင်း အိပ်ပျော်သွားတာဖြစ်ရမည်။
"ဇော်မင်းထွန်းရေ"
"သားရေ.."
အော်ခေါ်သံများက ပိုပိုနီးလာပြီး ဓာတ်မီးတဝင်းဝင်းဖြင့် လူတွေအစုအရုံးလိုက် ကမ်းခြေတစ်လျှောက် အုတ်အုတ်ကြွပ်ကြွပ်ဖြစ်နေတာကို မြင်လိုက်ရတော့သည်။
လှဲနေရာကထလိုက်ပြီး ထိုလူအုပ်အားမျက်လုံးများပွတ်ကာ ငေးကြည့်နေခိုက် လူများသည်ဓာတ်မီးများကို သောင်ပေါ်တွင်ရှိနေသော သူတို့ထံချိန်ထိုးလာတော့သည်။ မျက်စိစူးသွားတာကြောင့် မျက်နှာကိုလက်နဲ့အုပ်လိုက်ချိန်မှာ ဘေးကခန့်ထည်လည်း နိုးလာခဲ့တော့သည်။
"ဦးမောင်..တွေ့ပြီလား..ဘာလို့ရပ်သွားကြတာတုန်း"
"မဟုတ်ပါဘူးဟာ..ဒီမှာ လူနှစ်ယောက် အိပ်ပျော်နေကြလို့ဟ၊ နင်တို့ဆက်ရှာနှင့်"
ဓာတ်မီးတွေနဲ့ထိုးထားကြတာမို့ သူတို့မျက်နှာတွေကို ရှင်းသန့်ကမော့မကြည့်နိုင်သေးဘဲ မျက်လုံးတွေစူးလို့ခေါင်းငုံ့ထားလိုက်သည်။ ခန့်ထည်က ရှေ့တည့်တည့်ကဓာတ်မီးကို ဆွဲလိုက်ပြီး
"မျက်လုံးစူးတယ်လေ..ရှေ့တည့်တည့်ကထိုးမနေနဲ့ဗျ"
ဓာတ်မီးကြီးကိုလုယူပစ်လိုက်ပြီး အယ်လ်ဖာကမျက်မှောင်ကြီးကျုတ်ကာ လူကြီးကိုရန်လုပ်သည်။ ပြီးနောက်ရှင်းသန့်ဘက်လှည့်လာကာ လက်တွေကိုဖယ်ခိုင်းပြီး မျက်လုံးလေးများကိုသေချာကြည့်သည်။